Pages

Friday, September 3, 2010

လွှတ်တော်တွင်လုပ်ပိုင်ခွင့်များ အချောင်ရပါက လာဘ်စားမည့်လက်များ နောက်ပြန်ဆုတ်ရ (သို့) အရင်းအနှီးမရှိဘဲ ခိုးစားမည့်လက်များ

နောက်ထပ် ပါတီ (၂) ခု ကိုယ်စားလှယ်လောင်း အမည်စာရင်း မတင်နိုင်
NEJ / ၀၃ စက်တင်ဘာ ၂၀၁၀

ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်နှင့် မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီတို့လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်ခြင်းမရှိကြောင်း သက်ဆိုင်ရာပါတီများမှ ပြောကြားသည်။

ပြည်ထောင်စုကရင်အမျိုးသားများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောမောင်ချောက “ကျနော်တို့ ဘဏ္ဍာငွေအခက်အခဲကြောင့် လွတ်တော်ကိုယ်စားလှယ် မတင်ပေးနိုင်ဘူး။ ၀မ်းနည်းစရာအကြောင်းတော့ ရှိတာပေါ့လေ။ မ၀င်နိုင်ဘူးဆိုတဲ့ သဘောဖြစ်သွားတာပေါ့။ သို့သော်လည်း ကော်မရှင်ရဲ့ ညွှန်ကြားချက်တော့ စောင့်နားထောင်ရမှာပေါ့။ ပါတီတွေကလည်း အများကြီးရှိတဲ့အခါကျတော့ ကျနော်တို့ တဦးတည်း တပါတီတည်းမဟုတ်ပါဘူး။ တခြားပါတီတွေလည်း အခက်အခဲတွေ အများကြီးရှိကြတာပေါ့။ အခက်အခဲတွေ အများကြီးရှိတဲ့ကြားက ကြိုးစားလုပ်ဆောင်နေကြတော့ အောင်မြင်တာရှိတယ်။ မအောင်မြင်တာလည်း ရှိတာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါ ပါတီမှ တာဝန်ရှိသူတဦးကလည်း ၎င်းတို့ပါတီ ဥက္ကဋ္ဌ ဦးစောမောင်ချောနှင့် အခြားသူ (၂) ဦး၊ စုစုပေါင်း (၃) ဦး ဧရာဝတီတိုင်း မြောင်းမြ၊ ပုသိမ်၊ ငပုတောတို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် သွားခဲ့ကြကြောင်း၊ သို့သော် ငွေရေးကြေးရေးနှင့် အခြားအခက်အခဲ အမျိုးမျိုးကြောင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တဦးမှ တင်သွင်းနိုင်ခဲ့ခြင်း မရှိကြောင်း၊ ပါတီဝင် အင်အားစာရင်းကိုမူ နေပြည်တော်ကို သွားရောက်တင်ပြခဲ့ပြီးဖြစ်ကြောင်း ရှင်းပြသည်။

ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်သည် ၁၉၉ဝ ရွေးကောက်ပွဲကာလ နောက်ပိုင်း စစ်အစိုးရ၏ မဖျက်သိမ်းဘဲ ကျန်ရစ်ခဲ့သည့် နိုင်ငံရေးပါတီ (၁ဝ) ပါတီအနက် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ခဲ့သည့် ပါတီ (၅) ပါတီထဲမှ တခု ဖြစ်ပြီး ဒု-ဥက္ကဋ္ဌ မှာ ဦးစောသန်းအောင် ဖြစ်သည်။

မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီမှ အထွေထွေအတွင်းရေးမှူး ဖြစ်သည့် လူငယ်စာရေးဆရာ ဝေမှူးသွင်ကလည်း ၎င်းတို့ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း မပြုတော့ကြောင်း ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ကျနော်တို့က ကိုယ်စားလှယ်လောင်းတင်သွင်းမယ့်ရက်ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုတာလည်း ကျနော်တို့ကို ဘာမှ မတုံ့ပြန်ဘူး။ ကျနော်တို့ ဘယ်လိုမှ လုပ်လို့မရလို့ မ၀င်ဘူးလို့ ဆုံးဖြတ်လိုက်တာပဲ။ ဒါပဲ။ ငွေရေးကြေးရေး အခက်အခဲကတော့ အားလုံးရှိကြတာပါပဲ” ဟု ပြောသည်။

အဆိုပါ ပါတီမှ ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေဖြင့် အမည်စာရင်း တင်သွင်းခဲ့ကြောင်း သတင်းများဖြစ်ပေါ်နေသော်လည်း ဆက်သွယ်၍ မရပေ။

နအဖစစ်အစိုးရက ၂ဝ၁ဝ ခု မတ်လ (၈) ရက်နေ့ ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း(၃) ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်း ပုဒ်မ ၁၂။ (က) တွင် ပါတီတခုသည် အောက်ပါ အချက်တရပ်ရပ်နှင့် ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရ၊ (၁) အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း စသည့်အချက်များ ပါဝင်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း မတင်သွင်းနိုင်သည့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်နှင့် မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီတို့သည် ဥပဒေအရဆိုပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် ရှိတော့မည်မဟုတ်ပေ။
Copy from www.khitpyaing.org