Pages

Tuesday, September 14, 2010

ဒါ ဘယ်သူ့လက်ချက်လဲ

ပဲခူးနာရီစင်တွင် မပေါက်ကွဲသေးသည့် အသံမိုင်းတလုံး တွေ့ရှိ
မြတ်ခိုင်ဦး / ၁၄ စက်တင်ဘာ ၂၀၁၀


ယနေ့နံနက်က ပဲခူးမြို့နာရီစင်အနီးတွင် မပေါက်ကွဲသေးသော အသံမိုင်းတလုံးတွေ့ရှိရသည်ဟု သိရသည်။

အဆိုပါမိုင်းဗုံးသည် ကပ်ခွာအမျိုးအစားဖြစ်ပြီး ခွာလိုက်လျှင် ထပေါက်သည့်အမျိုးအစားဟု ဒေသခံတဦးက ပြောကြားသည်။

၎င်းက “ဟုတ်ပါတယ် ထောင်ထားတာ။ ဒါပေမယ့် မကွဲလိုက်ပါဘူး။ ပိုစတာ ကပ်ခွာဗုံးလို့ ပြောကြတယ်ဗျ။ ခွာလိုက်တာနဲ့ ပေါက်ကွဲကောတဲ့။ ဒါပေမယ့် မပေါက်ဘူး” ဟု ဆိုသည်။

အဆိုပါမိုင်းဗုံးသည် နာရီစင်အနီး လမ်းညွှန်ဆိုင်းဘုတ်အပေါ်တွင် ဗီနိုင်းပိုစတာလို ကပ်ထား၍ ပိုစတာအပေါ်တွင် မြန်မာပြည်အလံအား ခြေထောက်များဖြင့် နင်းထားသည့်ပုံများပါရှိကာ ရွေးကောက်ပွဲ ဆန့်ကျင်စာများ ပါရှိသည်ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။

အဆိုပါသတင်းကို အထူးရဲတပ်ဖွဲ့ (အက်စ်ဘီ) မှ သတင်းရ၍ နံနက် (၁၁း၃၀) ခန့်တွင် ထိုပိုစတာအား လာရောက်ခွာယူရာမှ မိုင်းဗုံးကို တွေ့ရှိခြင်းဖြစ်သည်။ ထို့နောက် ပေါက်ကွဲမှု အရှိန်လျှော့သွားအောင် အချိန်ယူခွာသည့်အတွက် မပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ဤအမျိုးအစားသည် ယခင်ကမတွေ့ဖူးဘဲ ယခုမှ ပထမဆုံးတွေ့ရသည့် အမျိုးအစားဖြစ်ကြောင်း ရဲဝန်ထမ်းတဦး၏ ရှင်းပြချက်ကို ကိုးကား၍ ယင်းဒေသခံက ဆက်လက်ရှင်းပြသည်။

ပဲခူးမှ အခြားဒေသခံတဦးကလည်း “အလကား မထိတထိ သွားစနေတယ်လို့ မြင်ပါတယ်။ ချမယ့်ချ ထိအောင်ချမှာပေါ့။ အခုဟာက တကယ်တွေ့တယ်ဆိုရင် ဒါ သူတို့လုပ်ချင်တာလုပ်ဖို့အတွက် အကွက်ဆင်ပေးတာပဲဖြစ်မှာ၊ ရိုးနေပါပြီ။ သူတို့လုပ်ချင်တာ လုပ်တော့မယ်ဆို ဗုံးတွေထွက်လာတာပဲလေ” ဟုဆိုသည်။

ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ ပဲခူးမြို့ အထူးရဲတပ်ဖွဲ့ (အက်စ်ဘီ) သို့ ဖုန်းဆက်သွယ်မေးမြန်းရာတွင် ဖုန်းဖြေကြားသူတဦးက “အဲဒါတော့ ကျနော်တို့သေသေချာချာ ပြောလို့မရသေးပါဘူးခင်ဗျ။ ကျနော်တို့အဖွဲ့တွေ သွားနေတာ ပြန်မလာသေးပါဘူးခင်ဗျ။ သူတို့ပြန်လာမှပဲသိရမှာပါ” ဟု ဖြေကြားပြီး ဖုန်းချသွားသည်။
Copy from www.khitpyaing.org