Pages

Thursday, April 15, 2010

ဒက္ကားမြို့တွင် ရခိုင်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဒက္ကားမြို့တွင် ရခိုင်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
4/15/2010

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် ဧပြီလ ၁၄ ရက်နေ့က ရခိုင် သင်္ကြန်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရခိုင်သင်္ကြန်ကို နေ့လည် ၂ နာရီတွင် ဒက္ကားမြို့ မီပူရ်မြို့နယ် စင်္ကြာမူနိ သက်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စတင် ဖွင့်လှစ်ခဲ့သည်။

နေ့လည် ၂ နာရီကျော်တွင် ရခိုင်အမျိုးသား အမျိုးသမီးများက အမွှေး နံ့သာများဖြင့် ဘုရား ရေသပ္ပာယ်ခဲ့ကြပြီး ဆရာတော်များထံတွင် ငါးပါးသီလ ဆောက်တည်ကာ သင်္ကြန်ရေကစားပွဲကို ညနေ ၄ နာရီတွင် စတင်ခဲ့သည်။

သင်္ကြန်ရေကစားပွဲကို ရခိုင်ရိုးရာအတိုင်း ရေကစား မဏ္ဍပ် ဆောက်လုပ်ပြီး အမျိုးသားများနှင့် အမျိုးသမီးငယ်များက တဘက်နှင့် တဘက် ရေကစား ခဲ့ကြသည်။

သင်္ကြန်ရေကစားပွဲတော်သို့ ရခိုင်အမျိုးသား အမျိုးသမီး ရာချီ ပါဝင် ဆင်နွဲခဲ့ကြပြီး ရခိုင် သင်္ကြန် ရေကစားပွဲကို မမြင်ဖူးသူ ဒေသခံများကလည်း အများအပြား လာရောက် ကြည့်ရှု့ခဲ့ကြသည်။

ဒက္ကားမြို့ ရခိုင်သင်္ကြန်ကို ရခိုင်ဗုဒ္ဓဘာသာ ဖွံ့ဖြိုးရေး အသင်းကြီး (ဒက္ကားဌာနခွဲ)မှ ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး ဒက္ကားဌာနခွဲ အတွင်းရေးမှူး မဖြူမရီက ရခိုင်သင်္ကြန်ပွဲတော် ဒက္ကားတွင် ကျင်းပရခြင်းကို ယခုကဲ့သို့ ပြောသည်။

“ကျွန်မတို့ ဘင်္ဂလာဒေခ်ျ့ ဒက္ကားမှာ အလုပ် လုပ်ကိုင်နေတဲ့ ရခိုင်သားတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေလည်း ရှိပါတယ်။ သင်္ကြန်ကျရင် အိမ်တွေကို မပြန်နိုင်ကြဘူး။ အဓိကတော့ သူတို့အတွက် ရည်ရွယ်ပီးတော့ လုပ်တာ ဖြစ်ပါတယ်။ ကိုယ်ရိုးရာ ကိုယ့်ယဉ်ကျေးမူတွေကို မပျောက်ပျက်သွားအောင် ထိန်းသိမ်းတဲ့ သဘောလည်း ဖြစ်ပါတယ်။”

သင်္ကြန်ပွဲတော်သို့ ရခိုင် အသင်းကြီး အတွင်းရေးမှူး ဦးမောင်လှသိန်း၊ လေတပ် အငြိမ်းစား ဒု ဗိုလ်မှူးကြီး ဦးအောင်စောထွန်း အပါအ၀င် လူပေါင်း ၂၀၀ နီးပါး တက်ရောက် ဆင်နွှဲခဲ့သည်။

Copy from http://www.narinjara.com/