မြ၀တီတွင် ဗုံးကွဲ ၂ ဦး သေဆုံး
ဘစောတင် Saturday, August 07, 2010
ကရင်ပြည်နယ် မြ၀တီမြို့  အမှတ် (၄) ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်၌ ယမန်နေ့ ညဦးပိုင်း ၈ နာရီ ကျော်တွင် ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားရာ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သတင်း ရရှိသည်။
နအဖ စစ်တပ် တပ်မ ၄၄ မြ၀တီမြို့တွင် လက်နက်ကြီးများဖြင့် အင်အား ဖြည့်တင်းနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အမည်မသိ လူငယ် ၂ ဦး စီးလာသော ဆိုင်ကယ် တစီးတွင် ပါလာသည့် ဗုံးတလုံး မြ၀တီမြို့ ဘုရင်နောင် လမ်းမပေါ်ရှိ လူစည်ကားသော ညဈေးတန်း၏ ဆိုင်ကယ် ရပ်နားရာနေရာ အနီးတွင် ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ယင်း ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ပေါ် ပါလာသည့် လူငယ် ၂ ဦး၏ ခန္ဓာကိုယ်မှာ တစစီ လွင့်စင် သွားခဲ့ကြောင်း မြ၀တီမြို့ မှ ဆိုင်ကယ် တက္ကစီသမား တဦးက ဧရာဝတီ သို့ ပြောသည်။
“ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်ပါ မီးလောင် သွားတယ်ဗျ။ ဆိုင်ကယ် စီးလာတဲ့လူ ၂ ယောက်လုံး အပိုင်းပိုင်း အပြတ်ပြတ်ပဲ။ မြင်မကောင်းဘူး။ ခါးကနေ ပိုင်းသွားတာ။ ခြေထောက် တွေလည်း ပြတ်ပြီး လမ်းတဖက်ခြမ်း အထိ ရောက်တယ်” ဟု ၎င်းက ဆိုသည်။
ဗုံးပေါက်ပွဲမှု ဖြစ်ပွားသည့် ဆိုင်ကယ် အမျိုးအစားမှာ ဟွန်ဒါ Dream 125 အနက်ရောင် ဖြစ်ပြီး ဆိုင်ကယ် စီးလာသူများမှာ ပြောက်ကျား ဘောင်းဘီကို ၀တ်ဆင် ထားကြောင်း ယင်းတို့ ၏ မျက်နှာ ပုံပန်း သဏ္ဍာန်အရ အိန္ဒိယ ကုလား လူမျိုးများ ဖြစ်ကြောင်း ဆိုင်ကယ် တက္ကစီသမားက ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဈေးသည်များ၊ ဈေးလာသူများ ရုန်းရင်း ဆန်ခတ် ထွက်ပြေး ကြကြောင်း၊ မကြာမီ အာဏာပိုင်များ ရောက်ရှိလာကာ အခင်းဖြစ်ပွားရာနှင့် အနီးတ၀ိုက်ကို ပိတ်ဆို့ထား လိုက်ကြောင်းလည်း သိရသည်။
မြ၀တီ ရဲစခန်းမှ ရဲတဦးကလည်း “မိုးရွာနေလို့သာ တော်တော့ တယ်ဗျာ။ မိုးမရွာလို့ကတော့ လူပေါင်းများစွာ သေနိုင်တဲ့ ပေါက်ကွဲမှုမျိုးဗျ။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကျနော်တို့ သုံးသပ်ကြ တာကတော့ ဒီလူ ၂ ယောက်ဟာ ဆိုင်ကယ်ဗုံး ထောင်မလို့ လာရင်း လိုရာခရီး မရောက်ခင် ပေါက်သွားတာ ဖြစ်မယ်”ဟု ဆိုသည်။
ပေါက်ကွဲမှု ဖြစ်ပွားသည့် ဆိုင်ကယ် အနီးတွင် ဒသမ ၃၈ ဗို့ ခြောက်လုံးပြူး တလက် ပျက်စီးလျက် တွေ့ ရှိရကြောင်း၊ ဟွန်ဒါ Dream 110 အမျိုးအစား တစီးမှာလည်း လဲကျလျက် အနည်းငယ် ပျက်စီးသွားကြောင်း၊ အဆိုပါ ညဈေး၏ အိမ်သာ အနီးတွင်လည်း မပေါက်ကွဲ သေးသည့် လက်ပစ်ဗုံး တလုံးကို တွေ့ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကောလာဟလများ ပေါ်ထွက်ခဲ့ သော်လည်း လူ ၄ ဦးကိုသာ ဆေးရုံတွင် လက်ခံကုသ ထားကြောင်း မြ၀တီဆေးရုံနှင့် နီးစပ်သူ တဦးက ပြောသည်။
“မနေ့က ပေါက်ကွဲမှုကြောင့် လူနာ ၄ ဦး ရောက်လာတယ်။ ကလေးမလေး တယောက်ပါတယ်။ ကျန်တာ တွေကတော့ လူကြီးတွေ”ဟု ၎င်းက ဆိုသည်။
ယင်းလူနာများမှာ မြ၀တီမြို့အမှတ် (၈) ရပ်ကွက်မှ ကျော်ကျော် အသက် (၂၀) အရွယ်၊ အမှတ် (၄) ရပ်ကွက်မှ မပွင့်ဖူးအောင် အသက် (၁၀) နှစ်၊ မရီရီဝင်း အသက် (၃၅) နှစ်နှင့် အခြား အမျိုးသမီးတဦး မြ၀တီ ဆေးရုံတွင် ဆေးကုသ ခံနေရသည် ဟုလည်း ၎င်းက ပြောဆိုသည်။
ယခု ဗုံးပေါက်ကွဲမှုသည် မည်သူ့လက်ချက် ဖြစ်သည်ကို မသိရှိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
ယခုဗုံးပေါက်သည့် မြ၀တီမြို့သည် စစ်အစိုးရ အာဏာပိုင်များ၊ တပ်ဖွဲ့ဝင်များ၊ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ သွားလာ လှုပ်ရှားနေသည့် ထိုင်း-မြန်မာ နယ်စပ် မြို့ဖြစ်ပြီး ကရင်ပြည်နယ် အတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU)တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများလည်း ရှိနေသည်။
ယခုရက်ပိုင်းအတွင်း DKBA တပ်ဖွဲ့ ဝင်များကို နယ်ခြားစောင့်တပ် ဖွဲ့ စည်းရန် နအဖက ဖိအားပေးရာ လက်ခံသည့် တပ်များရှိသကဲ့သို့ လက်မခံသော တပ်များလည်း ရှိသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ ကလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ဦးစီး လုပ်ဆောင်နေသည့် စစ်ထောက်လှမ်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်၊ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ ပါလာသည်ဟု ယူဆရသော စစ်ယာဉ်တန်းကို KNU တပ်များက ခြုံခို တိုက်ခိုက်ရာ ၇ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။
စစ်ဗိုလ်ချုပ်ကြီးများ အထိအခိုက်မရှိ လွတ်မြောက် သွားကြောင်းလည်း သိရသည်။
ယင်းနောက်ပိုင်းတွင် မြ၀တီမြို့တွင် နအဖ စစ်အင်အားများ တိုးချဲ့ချထားပြီး လုံခြုံရေး တင်းကျပ် ထားကြောင်း ဒေသခံ များက ဆိုသည်။
နယ်စပ်ဒေသရှိ လေ့လာသူများ အဆိုအရ ဆက်လက် ပိတ်ထားဆဲ ဖြစ်သော ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ပြန်လည် ဖွင့်လှစ်နိုင်ရေးမှာ မလွယ်ကူ သေးကြောင်း သိရသည်။
Copy from www.irrawaddy.org
Saturday, August 7, 2010
မြန်မာနိုင်ငံတွင် အသေခံဗုံးခွဲမှုများ စတင်ပြီလား
Friday, August 6, 2010
မိန်းမယူရင် ရွေးပြီးယူကြ
ကမ္ဘာ့အဆင့် ဝင်ပြိုင်မည့် မြန်မာအမျိုးသမီး လက်ဝှေ့ကျော်နှစ်ဦး
မဇ္ဈိမသတင်းဌာန သောကြာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဘာဘေဒိုးနိုင်ငံတွင် နောက်လ ပြုလုပ်မည့် ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး လက်ဝှေ့ကျော် နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်။
မြောက်အတ္တလန္တိတ် သမုဒ္ဒရာတွင်းရှိ ဘာဘေးဒိုး ကျွန်းနိုင်ငံမြို့တော် ဘရစ်ဂ်ျတောင်းတွင် စက်တင်ဘာ ၆ ရက်မှ ၁၉ ရက်အထိ AIBA က ပြုလုပ်ကျင်းပမည့် ၆ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး လက်ဝှေ့ ချန်ပီယံ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မကြူကြူသင်းနှင့် မနှင်းမို့မို့နိုင်တို့ ဝင်ပြိုင်မည်ဟု သိရသည်။
မကြူကြူသင်း က ၄၈ ကီလိုတန်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မနှင်းမို့မို့နိုင်က ၅၁ ကီလိုတန်း ဝင်ပြိုင်မည်ဖြစ်ကာ နည်းပြအဖြစ် ဦးတင်မောင်ဖေက တာဝန်ယူထားသည်။
သို့သော်လည်း ပြိုင်ပွဲ အတွေ့အကြုံကိုရရေး အဓိကထား၍ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်ဟု မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်လှိုင်က ပြောသည်။
“ကျနော်တို့အနေနဲ့ ရွှေ၊ ငွေ၊ ကြေးတို့ဆိုတဲ့ တံဆိပ်တွေက အချိန်နည်းနည်းတော့ ယူရအုံးမယ် ” ဟု ဦးတင်လှိုင်က ဆိုသည်။
မကြူကြူသင်းနှင့် မနှင်းမို့မို့နိုင်တို့သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း ပြိုင်ပွဲတွင် ငွေအဆင့်နှင့် ဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေအဆင့်ထိ ရထားသည်။
စီမံခန့်ခွဲမှု ချို့ယွင်းချက်ကြောင့် မှေးမှိန်နေသော မြန်မာ့အားကစားကို ပံ့ပိုးမှုကောင်းရန်လိုအပ်သည်ဟု ဦးတင်လှိုင်က သုံးသပ်ထားသည်။
“ပံ့ပိုးမှုဆိုတာက သူတို့ရဲ့ အခြေခံ စားဝတ်နေရေး ပြေလည်ရမယ်။ သူတို့ ဘဝတက်လမ်းအတွက် ပညာရေး လမ်းကြောင်းလေးလည်း ရှိနေရမယ်။ နောက် သူတို့ကြိုးစားတဲ့ အားကစားမှာလည်း သူတို့အတွက် ထိုက်တန်တဲ့ အခွင့်အရေး ရရမယ်”ဟု သူက ပြောသည်။
Copy from www.mizzimaburmese.com
ထူးထူးခြားခြားသေခြင်း (သို့) နောက်ဆုံးနုတ်ဆက်ခြင်း
ကာရာအိုကေ မိုက်ကရိုဖုန်း ဓါတ်ကြိုးပေါက်ပြီး သီချင်းဆိုသူ သေဆုံး
ခင်နှင်းလွင်၊ ရန်ကုန်
သြဂုတ် ၅၊ ၂၀၁၀
ဇူလိုင်လ ၂၇ရက်နေ့က လားရှိုးမြို့ ကာရာအိုကေ ဆိုင်တစ်ဆိုင်တွင် နိုင်ငံတကာအင်ဂျီအိုကြီး တစ်ခုဖြစ်တဲ့ “ကဲရ်မြန်မာ” မှ ၀န်ထမ်းတစ်ဦး မိုက်ခရိုဖုန်းဓါတ်ကြိုး ပေါက်ပြီး ဓါတ်လိုက်သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်ပွားပုံမှာ အဆိုပါနေ့က အန်ဂျီအိုဝန်ထမ်းများ လားရှိုးမြို့ “သီရိရွှေစင်ကာရာအိုကေဆိုင်” တွင် သီချင်းသွားရောက် သီဆိုကြစဉ် သီချင်းဆိုသည့် မိုက်ဝါယာကြိုးပေါက်ရာမှ ဓါတ်လိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အန်ဂျီအိုမှ ၀န်ထမ်းတဦးက
“အဲဒီနေ့က ပရောဂျက် နောက်ဆုံးပိတ်တဲ့ရက်ဖြစ်လို့ နှုတ်ဆက်ပွဲ အနေနဲ့ အားလုံး ကာရာအိုကေ သွားဆိုကြတာပါ။ သေဆုံးသွားသူရဲ့ အမည်က စောမားကပ်ဖရီးဒန်း ပါ။ အသက်က၂၇နှစ်၊ FOC ( Field office coordinator ) တာဝန်ယူထားတဲ့သူပါ။ သူဓါတ်လိုက်ပြီးတော့ လက်တဖက်က မီးကျွှမ်းသလို ညိုမဲနေပါတယ်။ လောလောဆယ် ကာရာအိုကေဆိုင်က နစ်နာမှုအတွက်လျော်ကြေး သိန်းလေးဆယ် ပေးမယ်လို့ သဘောတူထားပေမဲ့ အခုနောက်ဆုံးသတင်းအရ သူတို့ဘက်က ငွေပေးဖို့ကို အကြောင်းအမျိုးမျိုးပြပြီး ငြင်းနေတယ်လို့ သိရတယ်”
လို့ ပြောဆိုပါတယ်။
စောမားကပ် ဖရီးဒန်းမှာ ကျိုင်းတုံမြို့၊ ၄ ရပ်ကွက် နွဲ့နောရပ်မှာ နေထိုင်သူပါ။ သူ့မှာ မိခင်နှင့် ညီငယ် နှစ်ယောက်ကျန်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ခံတဦးဖြစ်သူ မနှင်းပွင့်က -
“သမီးတို့ သူငယ်ချင်းတွေ ဂိမ်းစီးတီးမှာ ကာရာအိုကေ သွားဆိုကြတာ … မိုက်က ဘယ်နေရာက ပေါက်နေလဲမသိဘူး။ မိုက်ကို ကိုင်လိုက်တာနဲ့ လက်က ကျင်တက်နေတယ်၊ ဆိုင်တွေ အနေနဲ့ ၀န်ဆောင်မှုပေးရာမှာ ကိုယ့်ဖောက်သည်တွေ အသက် အန္တရာယ် မကြုံရအောင်တော့ ဂရုစိုက်သင့်တယ်”
လို့ ရန်ကုန်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။
စင်္ကာပူမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦး ကလည်း
“မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်အန္တရာယ် ကြိုတင်ကာကွယ်တာ၊ ပြုပြင်ထိန်းသိမ်းမှု လုပ်တာမျိုးတွေ တော်တော်လေး အားနည်းတာတွေ့ရတယ်၊ နောက်ပြီး လျော်ကြေးကျတော့လဲ တကယ်ရဖို့ အာမခံချက် မရှိဘူး။ အစိုးရဘက်ကလဲ ဒီလိုကိစ္စတွေကို အချင်းချင်းညှိနှိုင်းဖို့ပဲ ပြောတာများတယ်။ နောက်ခံ အင်အား မရှိတဲ့ သူတွေအဖို့တော့ ဘာမှရမှာမဟုတ်ဘူး”
လို့ ဝေဖန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံတွင် စားသုံးသူအခွင့်အရေး ကာကွယ်ရေး ကဲ့သို့သောလှုပ်ရှားမှုများကိုလည်း အသိပညာပေး ဆောင်ရွက်ခွင့် မရှိဘဲ ထိုသို့သောလှုပ်ရှားမှုများအား စစ်အစိုးရက နိုင်ငံရေးအမြင်ဖြင့် ရှုမြင်ပြီး ကုန်ထုတ်လုပ်သူ၊ ၀န်ဆောင်သူများဖြစ်သည့် လုပ်ငန်းရှင်များအား ကာကွယ်ပေးလိုသည့် ရည်ရွယ်ချက်လည်း ရှိနေသည်ဟု ပြည်တွင်း သတင်းအယ်ဒီတာတဦးက ပြောပါတယ်။ ထို့ပြင် ဒုတိယအချက် အနေဖြင့် ယုံကြည်အားကိုးလောက်သည့် တရားစီရင်ရေး စနစ်မရှိခြင်းကြောင့်လည်း နစ်နာသူအနေဖြင့် တရားစွဲဆိုဖို့ရာ ၀န်လေးကြသည့် အခြေအနေဟု လည်းဖြည့်စွက်ပြောဆိုပါတယ်။
ယမန်နှစ်က ခွဲစိတ်ဆရာဝန်ကြီး တဦးပေါ့လျော့မှုကြောင့် ၉ တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သေဆုံးခဲ့ရမှုတွင် မီဒီယာများမှ ဖေါ်ပြခဲ့မှုကြောင့်သာ ပေါ့လျော့သည့် ဆရာဝန်ကြီးနှင့် ရွှေဂုံတိုင် အထူးကုဆေးရုံတို့မှ လျော်ကြေးပေးခဲ့ရပြီး အဆိုပါ အဲဒီနောက်မှာ အလားတူဖြစ်ရပ်မျိုး ပြည်တွင်းမီဒီယာများမှာ ဖေါ်ပြခွင့် မရတော့တာ တွေ့ရပါတယ်။
ဇူလိုင် ၂၃ရက်နေ့ ကလည်း ဒဂုံစင်တာ ဘီဘလောက်တွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဓါတ်လှေကား ရပ်တန့်သွားရာမှ စီးနင်းလာသူ (၈) ဦး တို့ ဓါတ်လှေကားထဲ၌ ၄၈ မိနစ်ကြာ ပိတ်မိနေခဲ့တဲ့ အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရသည်။ ထိုသို့ပိတ်မိနေစဉ်မှာ သာမန် လုံခြုံရေးဝန်ထမ်း ၂ ဦးမှ လွဲပြီး အဓိက တာဝန်ရှိတဲ့ Dagon International Ltd ပိုင်ရှင် သို့မဟုတ် အုပ်ချုပ်ရေးမှူးတို့ တဦးတယောက်မှ မလာရောက်ခဲ့ဟု Hot News အပတ်စဉ် ဂျာနယ်တွင် ရေးသား ဖေါ်ပြထားသည်ကို တွေ့ရသည်။
ပိတ်မိနေသူများ ဘေးမသီ ရန်မခရအောင် ဆုံးဖြတ်စီစဉ်နိုင်သူ တဦးတယောက်မှ ကူညီဆောင်ရွက်ခဲ့ခြင်း အလျဉ်းမရှိတာကို တွေ့ရတယ်လို့လည်း အဆိုပါစာစောင်မှာ ဖော်ပြထားပါတယ်။
Copy from www.moemaka.com
Thursday, August 5, 2010
ကိုဖြိုးမင်းသိန်းဆုံးဖြတ်ချက်အား လေးစားကြိုဆိုပါသည်
UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်
By ဦးကျော်ထင် ကြာသပတေး, 05 သြဂုတ် 2010
ဓာတ်ပုံ AFP
UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း။ ဇူလိုင် ၁၄၊ ၂၀၁၀။
ဒီနှစ်ထဲမှာ မြန်မာစစ်အစိုးရက ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲအတွက် လွတ်လပ်စွာ စည်းရုံးခွင့် မရတာတွေ၊ ပြည်သူတရပ်လုံးကို ကိုယ်စားမပြုတာတွေ အပါအ၀င် ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုပြီး ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပါတီက နှုတ်ထွက်သွားပါတယ်။ ကျန်ပါတီဝင်တွေကတော့ ရွေးကောက်ပွဲဝင်ဖို့ ရှေ့ဆက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိနေတဲ့ အချိန်မှာပဲ အစောပိုင်းတုန်းက ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင်တယောက်က ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိလာမှာ မဟုတ်တဲ့အတွက် ပါတီကနေ နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက နှုတ်ထွက်ရတာနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။
“ရွေးကောက်ပွဲ အပေါ်မှာ သုံးသပ်တာပေါ့ဗျာ၊ ရွေးကောက်ပွဲကို သုံးသပ်ပြီး ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့တဲ့အတွက် ပါတီ ဆက်လက်ရှင်သန်ရေး လုပ်မလား၊ ပါတီ ဖျက်သိမ်းကြမလားပေါ့၊ ဒီအပေါ်တွေမှာ ကျနော်တို့ သုံးသပ်ကြပါတယ်။ သုံးသပ်ပြီး အခြေအနေမှာ ကျနော့်သဘောထားက ဒီရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့်မို့ အခုချိန်ကနေစပြီး ကျနော်တို့ ဒီရွေးကောက်ပွဲက နေပြီးတော့ အခုရပ်နေတဲ့ နေရာကနေ ရပ်ခံရမှာပေါ့ဗျာ။ အဲဒီအတွက် လာမယ့်ရွေးကောက်ပွဲကို ပါဝင်ဖြတ်သန်းဖို့ သဘောထား မရှိဘူးလို့ ကျနော့်ရဲ့ သဘောထားကို ထုတ်ဖော်လိုက်တာပါ။”
ပါတီက နှုတ်ထွက်တာနဲ့ ပတ်သက်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ သူ့ရဲ့ ကြေညာချက်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ဖို့ ပြင်ဆင်လာမှုတွေ၊ လွတ်လပ်စွာ စည်းရုံးခွင့် မရတာတွေ၊ ပြည်သူတရပ်လုံး နိုင်ငံရေးမှာ ပါဝင်ခွင့် မရတာတွေ၊ နိုင်ငံရေး အကျဉ်သားတွေ လွှတ်ပေးပြီး နိုင်ငံရေးမှာ ပါဝင်ခွင့် မရတာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိတာတွေကြောင့် လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ပါရှိပါတယ်။ ဒါပေမဲ့ သူနှုတ်ထွက်တာဟာ သူ့ရဲ့ တဦးချင်း ရပ်တည်ချက်သာဖြစ်ပြီး ပါတီအနေနဲ့ ဆက်လက်ရပ်တည်သွားဖို့ ရှိကြောင်းလည်း ဦးဖြိုးမင်းသိန်းက ဆက်ပြောပါတယ်။
“ကျနော်တို့ရဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေကို အစွမ်းကုန် ကြိုးစားကြည့်ပြီး ဒီအခြေအနေတွေ အပေါ်မှာ ကျနော်တို့ရဲ့ သဘောထား အမြင်တွေ၊ လက်ရှိအစိုးရရဲ့ ဆောင်ရွက်လာတဲ့ အခြေအနေတွေပေါ်မှာ သုံးသပ်ပြီး ကျနော်တို့ ဘယ်လို ဆက်လက် ဆောင်ရွက်သင့်လဲ ဆိုတာကို ကျနော့်အနေနဲ့ ဆုံးဖြတ်တာပါ။ အဲဒီအတွက် ကျနော်က ပြည်ထောင်စု ဒီမိုကရေစီပါတီ အနေနဲ့ ကျနော် ဥက္ကဋ္ဌတယောက် ဖြစ်သော်ငြားလည်း ကျနော့်သဘောထားနဲ့ ပါတီကို Drive လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော့်ရဲ့အမြင် ယူဆချက်ပေါ်ကနေ ကျနော့်ရဲ့ ရပ်တည်မှုတခုကို ရွေးချယ်တာပါ။”
ဒီပါတီကို ၀ါရင့် နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို အခြေပြုပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပါတီဝင် တယောက်ကလည်း ဦးဖြိုးမင်းသိန်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပါတီတွင်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ပါတီကို တည်ဆောက်ထားတာက လက်ရှိ သူပြောစရာရှိတာတွေကို ပြောဖို့ သူက ဒီကာလထိပဲ ရည်ရွယ်ထားတယ်။ Election ကို ဆက်ပြီး မသွားချင်တော့ဘူး၊ ယုံကြည်မှု မရှိတော့ဘူး။ Free and Fair မဖြစ်တော့ဘူးဆိုတဲ့ အပေါ်မှာ ယုံကြည်မှု မရှိတော့တဲ့အတွက် မသွားချင်ဘူး။ အဲဒါကို ပါတီတွင်းမှာရှိတဲ့ လူတွေနဲ့ သူနဲ့ကြားမှာ နည်းနည်း သဘောထား ကွဲလွဲတယ်၊ ဒါပဲပေါ့။”
ဒီပါတီမှာ ၀ါရင့် နိုင်ငံရေးသမားကြီး ဦးရွှေအုံးက နာယကအဖြစ် ဆောင်ရွက်နေပြီး လက်ရှိမှာ ဦးဖြိုးမင်းသိန်း နေရာကို အစားထိုးမယ့်သူ မရွေးချယ်ရသေးဘူးလို့ သိရပါတယ်။
မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၄၀ အနက်က ပါတီဝင်အင်အား စာရင်းကို ၁၁ ပါတီက လာရောက် တင်ပြခဲ့ကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုပေမဲ့လည်း အခုချိန်ထိ နေ့ရက် အတိအကျ ကြေညာတာမျိုး မရှိတဲ့အတွက် ဒါဟာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးပါတီတွေအတွက် တရားမျှတမှု မရှိဘူးလို့ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာသေးခင်ကပဲ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။
Copy from www.voanews.com
၈၈ တောခိုသူတွေက “ တိုင်းပြည်နဲ့လူမျိုးကို သစ္စာဖောက်ခဲ့တဲ့သူတွေ” လား
“ မျိုးချစ်မြန်မာ နိုင်ငံ နှင့် လူမျိုးအပေါ် သစ္စာဖေါက်ပြီ “
ကဲ …..
တိုင်းပြည်ကိုချစ်လှပါချည်ရဲ့ ဆိုပြီး မိုင်ထောင်ချီပြီး အဝေးကြီးကနေ တော်လှန်နေတဲ့ တော်လှန်ရေး သမားကြီးတို့ရေ
ပေါ်လစီကား တစ်ကားရိုက်ဖြစ်တဲ့ အခါမှာ ဘယ်ကနေ ဘယ်လို စပြီး ဘာတွေ ဘယ်သူတွေ ဘာကြောင့် ဘယ်လို ပါတ်သက်လာတယ် ပါဝင်လာတယ်ဆိုတဲ့ ဖြစ်ပွားပုံအဆင့်ဆင့်ကို မိတ်ဆွေတို့ ပြည်ပက နိုင်ငံရေးသမားကြီးတွေ သိကြပါရဲ့လား
မသိရင် နားထောင်ပါ ပြောပြပါ့မယ်
အစိုးရက အကြောင်းတစ်ခုခုကြောင့် ပြည်သူတွေကို စိတ်ဓါတ် စစ်ဆင်ရေး လုပ်ချင်တဲ့အခါ သို့ မဟုတ် သိမ်းသွင်းချင်တဲ့ အခါတိုင်းမှာ လူထုဆီ အပေါက်ရောက်ဆုံးဖြစ်တဲ့ ရုပ်ရှင်လောကကို အမြဲ အသုံးချလေ့ရှိပါတယ် ဒီတော့ သူတို့ လိုချင်တဲ့ အချက်တွေ Plot တွေကို အကျဉ်းချုပ်အနေနဲ့ ပြန်ကြားရေးဝန်ကြီးကို ခေါ်ပြီး Project အနေနဲ့ တာဝန်ပေးပါတယ်
ဒီနေရာမှာ ဟိုးတုန်းက မဆလ ခေတ်ထဲက နေ ခုထိ ဘာမှ မကွာခြားပေမယ့် အာဏာကိုသုံးပြီး အကျပ်ကိုင်မှုကတော့ နအဖ လက်ထက်မှာ ပိုမိုပြင်းထန်တင်းကျပ် လာခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးကလဲ ရုပ်ရှင် အစည်းအရုံးမှာ တာဝန်ရှိသူတွေကနေတဆင့် သူနဲ့လဲ ပုလဲနံပသင့်တဲ့သူ ဒါမှ မဟုတ် သူတို့ကို အမြဲ ဖားနေတဲ့သူ စစ် အတွေ့အကြုံရှိသူ ဒါရိုက်တာ တစ်ဦးဦး ကို ဆက်သွယ်ပြီး တာဝန်ပေးပါတယ်
ဒီ Process မှာ သူတို့ ရွေးနေကျလူတွေကတော့ နဲနဲလေး ပါဘဲ ဦးတင်သန်းဦး ဦးမြသန်းစံ တို့လို စစ်ဘက်နဲ့ မကင်းရာ မကင်းကြောင်းတွေကို သူတို့ ရွေးချယ်လေ့ရှိပါတယ် အခါအားလျော်စွာလဲ သူတို့ ကို လိုအပ်ချက် တစ်ခုကြောင့် ငွေရပေါက် အကြီး အကျယ် သို့မဟုတ် အခွင့်အရေး တစ်ခုခု တောင်းထားတဲ့ ဗိုက်နာနေတဲ့ ဒါရိုက်တာ ကိုလဲ ရွေးတတ်ပါတယ်။
ဒီနေရာမှာ တစ်ခု ပြောစရာရှိတာက အဲ့ဒိလို ကမ်းလှမ်းခံရတဲ့ ဒါရိုက်တာဟာ သူတို့ နဲ့ အဆင်ပြေတဲ့လူဆိုရင်တော့ သူတို့ သိပ် Push မလုပ်ပါဘူး ဘာလို့လဲ ဆိုတော့ ဒါရိုက်တာ က ပညာပေးသွားတဲ့ အတွေ့အကြုံတွေကို သူတို့ သဘောပေါက်ထားပါတယ်
ဥပမာ
ဟယ်လီကော့ပတာ ၂ စီးလောက်နဲ့ Over The Sky Shot တွေ အချိန်ကုန်ခံပြီးရိုက်တာမျိုး
တစ်ရက်ထဲနဲ့ ပြတ်ရမယ့် Scene ကို ၃ ၄ ၅ ရက်ကြာအောင် ဆွဲထားတာမျိုး
ဈေးအရမ်းကြီးတဲ့ ဟော်တယ်တွေ မှာ နေထိုင်တည်းခိုခနဲ့ အစားအသောက်စားရိတ် တွေကို ပုံမှန်ထက် ပိုများအောင် ရှုတင်မန်နေဂျာနဲ့ တမင် လုပ်ပစ်လိုက်တာမျိုးဆိုတာတွေ က ဘာမှ လဲ သေချာသက်သေပြလို့မရဘဲ အောင့်သက်သက်နဲ့ ခံလိုက်ရတာတွေ ဖြစ်ခဲ့ဖူးပါတယ်
ဒီတော့ တစ်ခါ မဆလခေတ် တုန်းက သူတို့က ပုတ်ပြတ်ဈေးနဲ့ ရိုက်ခိုင်းဖို့ ကြိုးစားကြည့်ပြန်တော့လဲ မအောင်မြင်ပြန်ပါဘူး
ဒါရိုက်တာက ငွေနဲ့ ပြန်မကလိရရင် အချိန်နဲ့ ပြန်ကိုင်တုတ်လို့ရပါတယ် အကြောင်းကြောင်းကြောင့် မကြိုက်လို့ ဘာကြောင့် ညာကြောင့် ပြန်ရိုက်ရမယ် ဆိုတာကို ပိပိရိရိ နဲ့ လုပ်လိုက်ရင် သူတို့ ပို စိတ်ညစ်ရပါတယ်
ဒါတွေကြောင့် သူတို့က ဒါရိုက်တာ ပိုင်းမှာတော့ သူတို့ကို ဖားတဲ့သူကိုဘဲ ခိုင်းချင်ပါတယ်
အဲ သရုပ်ဆောင်ပိုင်းမှာလဲ ထိုနည်းလည်းကောင်းပါဘဲ သူတို့ကို ပြန်မညစ်မယ့် ဖားနေတဲ့လူတွေ သူတို့ နိုင်စားလို့ရတဲ့သူတွေကိုဘဲ သူတို့ သုံးချင်ပါတယ်
ဒါပေမယ့် ဒါရိုက်တာ ပိုင်းမှာကတော့ အရွယ်အရ လူကြီးပိုင်းတွေက များတဲ့ အတွက် ခုတလောကျန်းမာရေး မကောင်းလို့ ဆရာဝန်က နားခိုင်းထားလို့ အမောဖေါက်ဖေါက်နေလို့ အဟွတ် အဟွတ် ဆိုပြီး လှလှလေးငြင်းလိုက်မယ်ဆိုရင် ငြင်းဖို့က ဖြစ်နိုင်ပါတယ်။
ကျွန်တော့် အဖိုး ဒါရိုက်တာ ဦးကြီးမြင့် ဆိုရင်လဲ မြန်မာ့အသံကနေလွှင့်ဖို့ ရဲအဖွဲ့ နှစ်ပါတ်လည်နေ့အတွက် ဆုံရပ်ကန္တာရဝတီ ဆိုတဲ့ကား နောက်ဆုံးရိုက်ပေးပြီးကထဲက အသက်ကြီးလာတာ အကြောင်းပြပြီး သူတို့ ခိုင်းလာတိုင်း အသာလေး ငြင်းခဲ့တာ ကွယ်လွန်သည်အထိပါဘဲ။
ဒီလိုမျိုး နေနေခဲ့ကြတဲ့ကြားထဲမှာတောင်မှ ဒါရိုက်တာ တစ်ချို့ဆင်ခြေမကောင်းဘဲ ငြင်းမိလို့ ရိပ်မိသွားတဲ့အခါ သူတို့ကို နောက် ထပ်ကားတွေမှာ ဇတ်လမ်းခွင့်ပြုချက်တင်တာကစပြီး ငြင်းပစ်တာမျိုး ဖလင်ခေတ်တုန်းက ဖလင်ပါ တော်တော်နဲ့ ချမပေးတာမျိုး အဆိုးဆုံးက အဲ့ဒိဒါရိုက်တာ ရိုက်တဲ့ကား ဘယ်လောက်ဘဲကောင်းကောင်း အကယ်ဒမီ ဆန်ကာတင်စာရင်းထဲမှာ မထည့်ရဘူး လို့ တားမြစ်လိုက်တာမျိုးတွေလုပ်တတ်ပါတယ်။
ကားရိုက်ပြီးတော့လဲ ဆင်ဆာတင်တဲ့ အခါ တမင်တကာညစ်ပြီး အရေးအကြီးဆုံး အခန်းတစ်ချို့ကို ဘာမှ မဆိုင်တဲ့ ကိစ္စတွေ ဥပမာ မင်းသမီး လည်ပင်းဟိုက်တယ်
မင်းသားက နိုင်ငံခြားစာတွေပါတဲ့ တီရှပ်ဝတ်ထားတယ်
Background နံရံပေါ်က အရုပ်က သရုပ်ပျက်တယ်
ဒီ Scene ထဲက အနောက်မှာ တီးထားတဲ့ တီးလုံးက မြန်မာသံစဉ်ကို အနောက်တိုင်းတူရိယာ နဲ့ တီးထားတယ်
ဘာညာပေါ့ဗျာ ( မှတ်ချက်။ ။ ဒါတွေ အထူးသဖြင့် သားစိုး အသိဆုံးပါ မေးကြည့်ကြပါ )
ဒါမျိုးတွေ ကျွန်တော့် မိတ်ဆွေ နိုင်ငံရေးသမားတို့ ကြုံဖူးမှာလဲ မဟုတ်ပါဘူး
ခံစားတတ်မယ်လဲ မထင်ပါဘူး
မိတ်ဆွေတို့က တနေ့တနေ့ ဝေဖန်ရေးဆရာ တဖြစ်လဲ “ အဆိုးမြင် နိုင်ငံရေးမူဝါဒ “ ကိုဘဲ ကျင့်သုံးနေကြတာကိုး
သရုပ်ဆောင်ပိုင်း မှာကျတော့ တော်တော်များများက ဒါရိုက်တာတွေ ထက် အသက်ကလဲ ငယ်တော့ ကျန်းမာရေးနဲ့ ဘယ်လိုမှ ဆင်ခြေပေးလို့မရပါဘူး
ဗီဒီယိုတွေ ကျ တစ်လ ၃ ၄ ကားရိုက်နေတဲ့ ခေတ်မှာ သူတို့ကားရိုက်ဖို့ တစ်ပါတ် လောက်ကို ကျတော့ ငြင်းမယ်ဆိုရင် လူမှုရေးအရလဲ ခက်သလို ကိုယ့်ကို ဒီတစ်ခါ ငြင်းထားမိလို့ အမျက်တော်ရှပြီး ပြန်ဆော်မယ့် အကွက်တွေကိုပါ ကြောက်ရပါတယ်
သရုပ်ဆောင်တွေ ကျတော့ သူတို့ငြှိုးတေးထားတဲ့ သူနဲ့ ရိုက်မယ် ဆိုတာနဲ့ ဇတ်လမ်းကနေ စပြီး ပိတ်တာလဲ ရှိသလို သူတို့နဲ့ တိုက်ရိုက် ငြိလိုက်မိလို့ ရုပ်ရှင် ရိုက်ကူးခွင့်ပါ ဘလိုင်းကြီး အပိတ်ခံလိုက်ရတဲ့သူတွေ အများကြီး ရှိပါတယ်
( တခြားမကြည့်ပါနဲ့ ဦးမောင် ( ကိုကျော်သူ ) အသိဆုံးပါ )
ဒီနေရာမှာ မိတ်ဆွေတို့ သိထားဖို့ လိုတာတစ်ခုက အနုပညာသမားတစ်ယောက် အဖို့ အနုပညာ နဲ့ လုပ်စားခွင့်ကို ပိတ်ပင်ခံလိုက်ရတာဟာ ထမင်းအိုးကွဲတာ တစ်ခုတင် မဟုတ်ပါဘူး ကိုယ့် လက်တွေ ခြေတွေ လျှာတွေကို ဖြတ်ပစ်ပြီး မျက်စေ့တွေ ထိုးအဖေါက်ခံလိုက်ရသလိုပါဘဲ ဒိထက်ဆိုးတဲ့ အပြစ်ပေးခြင်းခံရတာ မရှိပါဘူး
နဂိုထဲက ပိုက်ဆံချမ်းသာလို့ ဝင်ငွေ ရပ်တန့်သွားတာက အကြောင်းမဟုတ်လဲ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို လုပ်ခွင့်မရှိတော့တာဟာ ငွေနဲ့လဲဝယ်ပြီး အစားထိုးလို့မရတဲ့ ဆုံးရှုံးမှု တစ်ခုဆိုတာ အနုပညာသမားတိုင်း တူညီစွာ နားလည်ထားပြီးသားပါ။
ဒါကို သိတဲ့ အစိုးရကလဲ အနုပညာသမားတွေရဲ့ Weak Point ကို အမြဲ အညှာကိုင်ပြီး ပညာပေးလေ့ရှိပါတယ်
ဒီတော့ ဘယ် ရုပ်ရှင် ၊ ဂီတ ၊ စာပေ ၊ သဘင် အနုပညာသမား မှ အစိုးရ နဲ့ တိုက်ရိုက် မငြိချင် မငြိရဲ ကြပါဘူး
ဒါဟာ လူသားတစ်ယောက်မှာ ဖြစ်သင့်တဲ့ လူသားပီသတဲ့ ကြောက်ရွံ့မှု တစ်ခုအပြင် အခြေအနေရဲ့ ဖန်တီးမှုအရ လိုအပ်စွာ ဖြစ်လာတဲ့ အနုပညာသမားတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှု တစ်ခုဖြစ်ပါတယ်။
နောက်တစ်ချက်က ပေါ်လစီကား ရိုက်ရတာကို သရုပ်ဆောင်တွေ ကိုယ်တိုင်ကရော ကျေနပ်နေကြတယ် ထင်ပါသလား။
နာမည်ကြီးကြီး မကြီးကြီး Actor တွေတိုင်းဟာ လူထဲက လူတွေပါဘဲ လူတွေလိုဘဲ တွေးပြီး လူတွေလိုဘဲ ခံစားတတ်ကြပါတယ်
ပထမတစ်ချက်က ဒီလိုကားတွေရိုက်ရင် ပြည်သူတွေ ပရိသတ်တွေ ဝေဖန်ကြမယ် ပျက်ရယ်ပြုခံရမယ် ဆိုတာနဲ့
အခုလိုဘဲ ပြည်ပ နိုင်ငံရေးသမား သူရဲကောင်းကြီးတွေက လေလုံး မိုးလုံး တွေနဲ့ ၂ ပြားမတန်အောင် ရှုံ့ချတာ ခံရမယ် ဆိုတာ အင်တာနက် ကို အားလုံး သုံးနေနိုင်တဲ့ ခေတ်ကြီးထဲမှာ သရုပ်ဆောင်တွေ အားလုံး သိပြီးသားပါ
ဒုတိယ တစ်ချက်က အစိုးရက မင်းသားမင်းသမီးတွေကို ပိုက်ဆံကျတော့လဲ အပြင်မှာ ကားရိုက်တဲ့ကြေးမျိုးလဲ မပေးပါဘူး
သူတို့ရိုက်ချင်တဲ့ ရက် ကို အတင်း ညှိခိုင်းပြီဆို လက်ခံပြီးသားတခြားကားတွေကို ပြန်ရက်ချိန်းရပါတယ်
ဒီတော့ တစ်ချို့ကားရိုက်တွေ ဆို လက်လွှတ်လိုက်ရတာမျိုးတွေ ရှိပါတယ်
သရုပ်ဆောင်ခကျတော့လဲ အစိုးရ က မုန့်ဖိုးလောက်တောင် ပေးတာ မဟုတ်ပါဘူး အဲ့လို ပေးတာ မကျေနပ်လို့လဲ ဘယ်သူမှ တိုးပြီး မတောင်းရဲပါဘူး
ရိုက်ပေးဖို့တောင် မငြင်းရဲတဲ့ဟာကိုး
ဒီတော့ ငွေရေးကြေးရေးအရ လဲ သရုပ်ဆောင်တွေမှာ နစ်နာ စရာဘဲ ရှိပါတယ်
ဒါ့ကြောင့် ပေါ်လစီကားတွေ မှာ သရုပ်ဆောင်တွေရဲ့ အမူအရာတွေကို သေချာ လေ့လာကြည့်ပါ
အမြဲ ပေါ့ပျက်ပျက် စိတ်မပါတပါ နဲ့ ပြီးစလွယ် သရုပ်ဆောင်ထားကြတာကို ကျွန်တော်တို့ အသိုင်းအဝိုင်းက လူအချင်းချင်း သိကြပါတယ်။
ဒီတော့ ကိုယ့်အတွက် စီးပွားရေး အရလဲ အကျိုးမရှိ
အနုပညာအရလဲ ဘယ်တော့မှ မှတ်ကျောက်တင်ခံရမှာ မဟုတ်
ကံမကောင်းရင် လူပါ အမုန်းခံရမယ့် ပေါ်လစီကား ရိုက်တဲ့အလုပ်ကို စိတ်မှန်တဲ့ သရုပ်ဆောင်တိုင်း လုံးဝ မလုပ်ချင်ကြပါဘူး။
ဒါပေမယ့် ငြင်းလို့ကလဲ မရအောင် By Force နဲ့ အမိန့်ပေးသလို ခိုင်းလာတဲ့ကိစ္စဖြစ်နေတာရယ်
ငြင်းလိုက်မိလို့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက ကိုယ့် ဘဝတစ်ခုလုံး ထိခိုက်သွားနိုင်တဲ့အခါ မလုပ်ချင်တဲ့ အလုပ်ကို အောင့်အည်းပြီး မြန်မြန်ပြီး ပြီးတာဘဲ ဆိုပြီး လုပ်ပေးလိုက်ကြရတာပါဘဲ။
ကျွန်တော်ခုပြောနေတာက သရုပ်ဆောင်အများစုရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်မှန်တွေပါ
ဒါပေမယ့် ပေါ့လေ သရုပ်ဆောင်တိုင်းက တစ်စိတ်ထဲ တစ်ဝမ်းထဲ တော့မဟုတ်ပါဘူး
စုန်းပြူးဆိုတာ အလွှာမျိုးစုံမှာ ရှိပါတယ်
ဘယ်တော့မဆို အခြေအနေ ကိုကြည့်ပြီး သာတဲ့ဘက်ပြေးကပ်တတ်တဲ့ ဆိတ်ဟိုဒင်း လို သာယာစား တဲ့ လူတွေလဲ မရှိဘူး မဟုတ်ဘူး ရှိပါတယ်
အဲ့ဒါတွေကလဲ အကြောက်လွန်တာရယ် ဆင်းရဲငတ်မွတ်မှုရယ် ၂ ခုကြောင့် ဖြစ်လာရတဲ့ ညံ့ဖျင်းတဲ့ အမူအကျင့်တွေပါ
ဒီလို စာရိတ္တ ယိုယွင်းမှုတွေ အစိုးရဝန်ထမ်းတွေ မှာလဲ လူတိုင်းလောက် နီးနီး ဖြစ်နေကြရတာ ဘယ်သူ့ကြောင့် ဆိုတာ ကျွန်တော် ထပ်ရှင်း မပြတော့ပါဘူး။
ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီလို သာယာစား တွေ ဖေါ်လံဖား အနုပညာ မျက်နှာဖုံးစွပ်ပြီး ရိုက်စားလုပ်တဲ့သူတွေ လက်တစ်ဆုပ်စာကို တိုက်ခိုက်ချင်တာနဲ့ လွှဲရှောင်လို့မရတဲ့ ကျန်တဲ့ လူတွေအားလုံးကိုပါ ဝါးလုံးမစင်သုတ်ပြီး ရမ်းတာကတော့ ပညာမဲ့တဲ့ တစ်ဖက်သတ်ကျလွန်းတဲ့ အယူအဆတစ်ခုပါဘဲ
ပိုဆိုးတာက ဒီလိုဝေဖန်နေတဲ့ သူတွေကိုကြည့်လိုက်ပြန်တော့လဲ ပြည်တွင်းမှာနေထိုင်ရင်း အစိုးရရဲ့ ဓါးသွားအောက်မှာ အသက်အောင့်ပြီးလျှောက်လှမ်းနေရတဲ့ သူတွေ တစ်ယောက်မှမရှိပါဘူး
ပြည်ပမှာ တိုင်းတပါးက နိုင်ငံရေးကြောင့်ပေးထားတဲ့ အခွင့်အရေးမှန်သမျှ ရယူထားပြီးသား ၊
မြန်မာပြည် အစိုးရရဲ့ လက်လှမ်းမမှီတဲ့ Remote Country တွေမှာ နေထိုင်နေတဲ့သူတွေချည်းပါဘဲ
ဒီတော့ အဲ့ဒိလိုလူတွေ ထထအော်တိုင်း ကျွန်တော်မကြိုက်တာ တစ်ခုက သူတို့ကိုယ်တိုင်လဲ ဒီအစိုးရကိုကြောက်လို့ တခြားနိုင်ငံတွေမှာတောင် အဝေးကြီးလာနေနေပြီးတော့ ပြည်တွင်းက အနုပညာသမားတွေလို အစိုးရနဲ့ ပဝါတစ်ကမ်း လက်တစ်လှမ်းကနေ အရိပ်ကြည့်ကနေရတဲ့ သူတွေကို ထစ်ခဏဲရှိ သတ္တိမရှိသူတွေ ပြည်သူကိုသစ္စာဖေါက်သူတွေ ၈ လေးလုံး ကိုသစ္စာဖေါက်သူတွေ ဆိုပြီး အမည်စုံတပ်နေတာ လုံးဝ မှားယွင်းနေပါတယ်။
နောက်ကျောကို ဓါးနဲ့ထောက်ပြီးဓါးစာခံ အလုပ်ခံနေရတဲ့သူ တစ်ယောက်ကို စစ်မြေပြင်မှာတောင် ပစ်ခွင့်မရှိပါဘူး
ကျွန်တော်တို့ အနုပညာသမားတွေကိုလဲ ဒီလိုဘဲ အာဏာ ဆိုတဲ့ဓါးနဲ့ထောက်ပြီး
ဓါးစာခံခိုင်းနေတာ သိရက်နဲ့ ပစ်လိုက်တဲ့ စွဲချက်မြှားတွေမှာ မိတ်ဆွေတို့ရဲ့ တယူသန်ဆန်တဲ့ အတ္တရဲ့အဆိပ်တွေ စွန်းထင်းနေပါတယ်
အဲ့ဒိလုပ်ရပ်က ဘာနဲ့တူသလဲ ဆိုတော့ မျက်စေ့ရှေ့မှာ လူတစ်ယောက် ရေနစ်နေတာကို လူတွေဝိုင်းပြီး ကြည့်နေတဲ့အထဲက လူတစ်ယောက်က ကျန်တဲ့ သူတွေကို
“ ဆင်းကယ်ကြပါတော့လား ခင်ဗျားတို့ လူစိတ်မရှိဘူးလား ဒီလိုဘဲ ကြည့်နေကြတော့မှာလား “ ဆိုပြီး
သူကိုယ်တိုင်ကြတော့ ဆင်းမဆယ်ဘဲနဲ့ ရပ်ကြည့်နေသူအချင်းချင်းပြန်ပြီး အပြစ်တင်ဝေဖန်နေတာနဲ့ တူနေပါတယ် ဒါဟာ တကယ်တမ်းဆို ရှက်ဖို့ကောင်းပါတယ်
ကျွန်တော် ငတုံးပါ နိုင်ငံရေးလဲ နားမလည်ပါဘူး
ကျွန်တော် ငကြောက်ပါ စစ်လဲ မတိုက်ရဲပါဘူး အသေလဲ မခံရဲ အသားလဲ အနာမခံရဲ ထောင်ကျလဲ မခံရဲပါဘူး
သတ္တိလဲမရှိပါဘူး ရန်ဖြစ်ရမှာလဲကြောက်ပါတယ် သွေးမြင်တောင်ခေါင်းမူးပါတယ်
ဒါပေမယ့် ကျွန်တော် မကြောက်တာ တွေလဲရှိပါတယ်
အမှန်တရားကိုရင်ဆိုင်ဖို့
အမှန်တရားဘက်က ရှေ့နေလိုက်ဖို့
အနုပညာလောကကို ကာကွယ်ဖို့ တွေပေါ့
အနုပညာသမားတွေကို ကာကွယ်ဖို့ ကျွန်တော် ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး
ဒီတော့ ကျွန်တော် တစ်ခုပြန်တွေးမိလာပါတယ်
တောခို ကျောင်းသား ၊ ၈၈ ကျောင်းသား ၊ တော်လှန်ရေးသမားဆိုတဲ့ လူတွေ အကြောင်း ပေါ့
ကျွန်တော် နားလည်ထားတဲ့ တော်လှန်ရေးသမား နိုင်ငံရေးသမား စစ်စစ်ဆိုတာ နေရာ (၂) ခုထဲမှာဘဲ ရှိပါတယ်
ပထမ တစ်မျိုးက မြန်မာပြည်က ထောင်တွေထဲမှာပါ
ကိုသူရ တို့ ကိုမင်းကိုနိုင် …… တို့လို ထောင်ဆိုတာ ဂျိုနဲ့လားဟေ့ဆိုတဲ့ ရဲရဲတောက် အာဂလူတွေပါ
ဒုတိယ တစ်မျိုးက မြန်မာပြည်နယ်စပ်က တောအုပ်တွေထဲမှာ
အစာရေစာ ငတ်တစ်လှည့် ပြတ်တစ်လှည့် နဲ့ ခြေပြတ် ပေါင်ပြတ် ဘဝနဲ့ ငှက်ဖျား ဆိုတာ ဂျိုနဲ့လားဟေ့ ဆိုပြီး ငါမသေသေးသ၍ တိုင်းပြည်မှာ လူ့အခွင့်အရေး မရသေးသ၍ ဒီ အစိုးရကို ဦးမညွတ်ဘူး ဆိုတဲ့ စိတ်နဲ့ လက်နက် ကိုင်တော်လှန်နေတဲ့ သူတွေပါ
အဲ့ဒိ လူတွေ နှစ်မျိုးလုံးကို ကျွန်တော် အရမ်းလေးစားပါတယ် ဆိုတာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောပါရစေ
အဲ ကျန်တဲ့ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ တော်လှန်ရေးသမားပါ ဆိုတဲ့ သူတွေ အားလုံးဟာ တနည်းနည်းနဲ့တော့ ဒီ ဒုက္ခ နှစ်ခုလုံးကို မခံနိုင်လို့ မခံရဲလို့ ကိုယ်လွတ်ရုံးထွက်ခဲ့တဲ့သူတွေချည်းပါဘဲ
ပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင် ၈၈ တုန်းက တောခိုခဲ့တဲ့သူတွေထဲက တစ်ချို့ဟာ နိုင်ငံရေးတကယ် လုပ်ခဲ့တဲ့သူတွေ အနစ်နာခံခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေ မဟုတ်ပါဘူး
လူငယ်တွေ တော်တော်များများဟာလဲ သူတို့ မွေးဖွားလာကထဲက ပါတ်ဝန်းကျင် မိဘဆွေမျိုး အသိုင်းအဝိုင်းမှာ ဘဝရဲ့ အမောနဲ့ ကျပ်တည်းမှု မကြည်ဖြူမှု ငြူစူမှုတွေ လောကဓံ ရဲ့ ရိုက်ခတ်မှုတွေ တွေကြား မှာ အလူးအလဲ ပင့်သက်ရှိုက်ခဲ့ရတဲ့သူတွေ ဖြစ်ခဲ့ရတော့ အဲ့ဒိတုန်းက ၈၈ အရေးအခင်းကို ခုတုန်းလုပ်ပြီး နိုင်ငံရေး ခိုလှုံခွင့် ရရင် နိုင်ငံခြားကို ပိုက် ဆံ မကုန်ဘဲ သွားလို့ရမယ် ဆိုပြီး တောခိုတယ်ဆိုတာကို ယတြာချေသလို လုပ်ခဲ့တဲ့သူတွေ မနည်းဘူးဆိုတာ အဲ့ဒိတုန်းက လူတွေ အားလုံး ကျွန်တော့်ကိုပြောပြဖူးပါတယ် ကျွန်တော်ပြောနေတာ တောခိုခဲ့တဲ့ကျောင်းသားတွေထဲက ကျွန်တော့် သူငယ်ချင်းတွေ တော်တော်များများ ပြန်ပြောပြခဲ့တဲ့ စကားတွေပါ။
အဲ့ဒိလို တိုင်းပြည်ကနေ အစိုးရလက်အောက်က ရတဲ့နည်းနဲ့ ရုန်းထွက်ခဲ့တဲ့သူတွေကိုလဲ ကျွန်တော်က အပြစ်တင်နေတာ မဟုတ်ပါဘူး
ဘာလို့လဲ ဆိုတော့ အဲ့ဒိထဲမှာ ကျွန်တော်မပါခဲ့ဘူး အဲ့ဒိလိုတော့ ၈၈ ကို ခုတုံး မလုပ်ခဲ့ဘူး ဆိုပေမယ့်
အစိုးရ ကိုကြောက်လို့ ထောင်ထဲမှာ ပြန်နေရမှာကြောက်လို့ အမေရိကားကို Passport နဲ့ Visa နဲ့ လူလိုသူလို ရောက်လာခဲ့ရတဲ့အတွက် ကျွန်တော် လဲ Coward ( သူရဲဘော နည်းတဲ့ ကောင် ) တစ်ကောင်ဆိုတာ ဝန်ခံပါတယ်။
ဒီတော့ ခု ဖြစ်နေတဲ့ ကိစ္စမှာ နိုင်ငံရေးသမားဆိုတဲ့သူတွေ အသံကောင်းဟစ်နေတဲ့ ပုံစံက
“ ကျုပ်တို့ကတော့ ထောင်ထဲမနေရဲလို့ အစိုးရကို ကြောက်လို့ ပြည်ပမှာ တရားဝင် ခိုလှုံခွင့်တောင်းပြီး နေနေတာ
ကျုပ်တို့မှာ အစိုးရကို ကြောက်ပိုင်ခွင့်ရှိတယ်
ခင်ဗျား တို့ကတော့ အစိုးရနဲ့ တမြေထဲ နေနေရပေမယ့် ခင်ဗျားတို့ မှာ ကြောက်ခွင့်မရှိဘူး
အစိုးရ ခိုင်းတာကို ငြင်းရဲရမယ် ဖီဆန်ရဲရမယ် တော်လှန်ရဲရမယ် ထောင်ချလဲ ခံရဲရမယ် ဘဝပျက်တာလဲ ခံရဲရမယ်
ဒီလိုမှ မလုပ်ရင်တော့ ခင်ဗျားတို့အားလုံးဟာ အစိုးရကိုထောက်ခံတဲ့ သူတွေ
ထမင်းရှင် ပြည်သူတွေကို သစ္စာဖေါက်တဲ့ အနုပညာသမားတွေ သတ္တိမရှိတဲ့ သူတွေ “ လို့ ပြောနေသလိုပါဘဲ။
ဒါဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ တစ်ဖက်သတ်ဆန်လွန်းတဲ့ စွပ်စွဲချက်တစ်ခုပါဘဲ
ကျွန်တော်ပြောတာ လိုသလား ပိုသလား သေချာစဉ်းစားကြည့်ကြပါ။
ဒီ နိုင်ငံရေးသမားဆိုတဲ့ သူတွေဟာ ကိုယ့်အချင်းချင်းလဲ တည့်အောင်မပေါင်းနိုင်ကြဘူး အချင်းချင်း လှည့်ပါတ် ခွပ်နေကြတယ် လစ်တာနဲ့ သူများနောက်ကျောကို ဓါးနဲ့ ထိုးနေကြတယ်။
ဒါပေမယ့် နိုင်ငံရေး သမား မဟုတ်တဲ့သူတစ်ယောက်ယောက်က နိုင်ငံရေးသမား တစ်ယောက်ယောက်ကို အမှန်အတိုင်း နဲနဲလေးဝေဖန်မိလိုက်တာနဲ့ ကျီးကန်းတွေလို ဝိုင်းအာ ဝိုင်းဆိတ်ကြတယ်။
ဒါဟာ ဖြစ်သင့်တဲ့ နည်းလမ်းကျတဲ့ ပုံမှန်တဲ့ စည်းလုံးညီညွတ်မှု မဟုတ်ပါဘူး
နောက်ပြီး တစ်စုံတစ်ယောက်နဲ့ နိုင်ငံရေးဖြစ်စေ လူမှုရေးဖြစ်စေ သဘောထားကွဲလွဲတဲ့ အခါတိုင်း
“ ငါ နဲ့ မတူ ငါ့ ရန်သူ “ ဆိုတဲ့ မတရားတဲ့ မူကြီး ကို လက်ကိုင်ကျင့်သုံးနေကြတယ်
သူ့အမြင် ကိုယ့် အမြင် ဆိုတာမျိုး နှစ်ဖက်မျှ တွေးပေးတဲ့စိတ်
ကိုယ်ချင်းစာပေးတဲ့ ရင့်ကျက်တဲ့ ပညာရှိ စိတ်မျိုး မမွေးနိုင်ကြဘူး။
အဆိုးဆုံး တစ်ခုကတော့ ပြည်တွင်းမှာ ပြည်သူတွေတကယ်တမ်းပြဿနာ ကြုံလာပြီဆိုရင် နိုင်ငံရေးသမားများ အားလုံး တက်ညီလက်ညီနဲ့ အစိုးရကို အပြစ်တင်တဲ့ Statement တွေ တစ်ခုပြီးတစ်ခု တစ်ဖွဲ့ပြီးတစ်ဖွဲ့ မမောနိုင်မပန်းနိုင် လှိမ့်လှိမ့်ပြီးထုတ်ယုံ အသံကောင်းဟစ်ယုံကလွဲပြီး တစ်ကယ်တမ်းကျတော့ သူတို့ကိုယ်တိုင်လဲ ပြည်သူတွေကို လက်တွေ့ကျကျ ဘာအကူအညီမှ ပေးနိုင်တာလဲ မဟုတ်ဘူး။
တကယ်တမ်း လိုအပ်လာတော့ ပြည်သူတွေ ဒုက္ခ ကို ပြည်သူတွေ နဲ့ နိုင်ငံရေးသမား မဟုတ်တဲ့ သူတွေကဘဲ လက်တွေ့ ဝိုင်းဝန်းဖြေရှင်းသွားရတာချည်းပါဘဲ။
နာဂစ် မုန်တိုင်းတိုက်တုန်းကလဲ ဒီလိုပါဘဲ…
လောလောလတ်လတ်ဖြစ်သွားတဲ့ ရေပြတ်လပ်မှုတုန်းကလဲ ဒီတိုင်းပါဘဲ…
မယုံရင် အဲ့ဒိ 2007 နဲ့ 2010 ပြက္ကဒိန်တွေရဲ့ နေ့စွဲ အလိုက် အင်တာနက်မှာ ပြန်ရှာဖတ်ကြည့်ပါ
နိုင်ငံရေးသမားတွေ အကြိမ်ကြိမ်ထုတ်ထားတဲ့ Statement တွေ ဖေါဖေါသီသီကြီးတွေ့ပါလိမ့်မယ်။
ဒါပေမယ့် အဲ့ဒိလူတွေ လှူထားတဲ့ အလှူခံဖြတ်ပိုင်းဆိုတာမျိုးတော့ တစ်ရွက်တလေ တွေ့ရင်တောင် ကံကောင်းတယ် မှတ်ပါ။
ဒါဟာ နိုင်ငံရေးသမား ဆိုတဲ့သူတွေတော်တော်များများဟာ အပြောများပြီး အလုပ်နည်းနေတယ်ဆိုတာကို သက်သေပြနေပါတယ်။
အဆိုးဆုံး Attitude တစ်ခုကတော့ သူတို့ တောင်းဆိုတာကို ဘယ်လောက်ဘဲ ဖြည့်ဆည်းပေးခဲ့ ပေးခဲ့ တစ်ခါလေး အကြောင်းတစ်စုံတစ်ရာကြောင့် မလိုက်လျောလိုက်မိတာနဲ့ ချက်ခြင်းကို “ ပြည်သူ တိုင်းပြည် အမျိုးသားရေး “ ဆိုတာမျိုး စကားလုံးအကြီးကြီးတွေနဲ့ ရန်သူကြီးတွေလို ထပြီး ရန်လုပ်တတ်ကြတယ်။
ဒီလိုလုပ်တာတွေက များလွန်းလာတော့ တော်ယုံလူတွေကလဲ နိုင်ငံရေးသမားဆိုရင် ဝေးဝေးကရှောင်ချင်လာတာ မဆန်းဘူးလေ။
ခုချိန်ထိ စစ်အစိုးရကို နိုင်ငံရေးအရ ရှုံးနိမ့်နေတာလဲ ဒီလိုအမူအကျင့်တွေကြောင့်က အဓိကပါဘဲ
တကယ်တမ်းက နိုင်ငံ့ခေါင်းဆောင်လုပ်မယ့်သူဆိုတာ ပညာတတ်တာ မတတ်တာထက်
အဓိကက လူမှုရေးကျွမ်းကျင်ရမယ် လူတစ်ဖက်သားကို ကိုယ့်ကို လေးစားရိုသေ ချစ်ခင် လာအောင် အပြောရော အလုပ်နဲ့ပါ ဆွဲဆောင်နိုင်စွမ်းရှိရမယ်
ဒီလို အရည်အချင်းတွေ အမေစု ဆီမှာ အပြည့်ရှိတယ် ဒါကြောင့်လဲ သူ့ကို အစိုးရက လူတွေ နဲ့ ပြန်တွေ့ခွင့် မပေးချင်တော့တာလဲ အားလုံးအသိပါဘဲ။
ခုတော့ နိုင်ငံရေးသမား ဆိုရင် လူတွေ လေးစားချစ်ခင် ဖို့ မပြောနဲ့ တစ်ချို့ဆို ပွဲတွေလမ်းတွေမှာတွေ့ရင် အရောတဝင် မေးထူးခေါ်ပြော လောက်တောင် မလုပ်ချင်တော့တဲ့အထိ ဖြစ်သွားကြတယ်။
အဲ့ဒါဟာ သူတို့ ဘယ်လောက်ထိ လူမှုရေးညံ့ဖျင်းတယ်ဆိုတာ ပြနေတာဘဲ။
ဒီလို အဆိုးမြင်၊ အတ္တကြီး၊ တစ်ဘက်သတ်ဆန်တဲ့သူတွေက ဘယ်လိုလုပ်ပြီး တိုင်းပြည် နဲ့ လူထုကို တရားမျှတစွာ အုပ်ချုပ်နိုင်မှာလဲ။
ဒီလိုလူတွေ အာဏာရသွားရင် ခုလက်ရှိ အစိုးရထက်တောင် ဆိုးဦးမယ်လို့ဘဲ ယူဆစရာဖြစ်နေပါတယ်။
တကယ်တမ်းက မြန်မာပြည်မှာ နိုင်ငံရေးခံယူချက်နဲ့ ပါတ်သက်ပြီး လူသား (၃) မျိုးဘဲ ရှိပါတယ်
(၁) အမာခံ အစိုးရဘက်တော်သား
အစိုးရ အဖွဲ့ဝင် စစ်ဘက်ဆိုင်ရာ များ နဲ့ သူတို့ရဲ့ မိသားစုတွေ
အစိုးရနဲ့ ပါတ်သက်ဆက်နွယ်ပြီး ကြီးပွားချမ်းသာရင်း အစိုးရလူလုံးလုံးကြီးဖြစ်သွားသူတွေ စသည်ဖြင့်ပေါ့ဗျာ။
(၂) အစိုးရ ကို ဆန့်ကျင်တော်လှန်နေသူ ( ဒီမိုကရေစီ မြတ်နိုးသူများ )
ဒါကတော့ လက်ရှိပြည်တွင်းမှာဘဲ တရားဝင်နေထိုင်နေရင်း အစိုးရမတရားလုပ်သမျှကို ငုံ့ခံမနေဘဲ ထောင်ကျကျ ဘာကျကျ ဆိုပြီး ရဲရဲကြီး တော်လှန်နေတဲ့ ကိုသူရတို့ ကိုမင်းကိုနိုင်တို့ နောက်ပြီး NLD အဖွဲ့ဝင် လူကြီး လူငယ်တွေ တစ်ချို့နဲ့ အခြားအခြားသော မြေပေါ်မြေအောက် တော်လှန်ရေး အဖွဲ့အစည်းလေးတွေ စသည်ဖြင့်ပေါ့။
(၃) နိုင်ငံရေးဆိုတာကို လုံးဝ စိတ်မဝင်စား မပါတ်သက်ချင်သူ ( Neutral )
တစ်ချို့က နိုင်ငံရေးဆိုတာကို စိတ်ဝင်စားချင်သော်လည်း ပြဿနာတက်မှာကြောက်တာရယ် ကိုယ့် မိသားစု စားဝတ်နေရေးက ပို အရေးကြီးနေ ၊ ခက်ခဲနေတဲ့ အတွက် ဘယ်ဘက်မှ ဝင်မပါဘဲ အသာငြိမ်နေသူတွေ ဖြစ်ပါတယ်။
ကဲ…
နိုင်ငံ့ခေါင်းဆောင် လုပ်မယ့် တော်လှန်ရေးဂုရုကြီး ဆိုသူတွေအတွက် ဒီလူ ၃ မျိုးကို သေချာ နားလည်ရမှာက…..
နံပါတ် (၁) လူတွေဟာ ကိုယ့်ဘက်ကို ဘယ်တော့မှ ပါလာဖို့ မလွယ်တော့အောင်ကို အစိုးရက ငွေနဲ့ ချော့ အာဏာနဲ့ ခြောက်ထား တဲ့ Brain Washed လုပ်ပြီးသား Permanently Programmed Beings လို့ ခေါ်လို့ရသူတွေပါ
ဒီလူတွေကို သွားစည်းရုံးနေလို့ ကျွဲပါးစောင်းတီး ဖြစ်ယုံ အချိန်ကုန် လူပန်းယုံဘဲ ရှိမှာပါ
မြန်မာပြည်လူဦးရေရဲ့ ( ၁၅ ) ရာခိုင်နှုန်းလောက်ရှိတယ် ဆိုပါတော့
နံပါတ် (၂) လို လူတွေက အင်မတန် လေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေပါ
ဒါပေမယ့် ခက်တာက အစထဲက အဲ့ဒိလိုလူတွေက ကျွန်တော်တို့တိုင်းပြည်မှာ အင်မတန်နည်းပါးတဲ့ လက်တစ်ဆုပ်စာတောင် မရှိတဲ့ အရေအတွက်လေးလောက်ဘဲရှိပါတယ် ဒီ့အပြင် အဲ့လိုလူတွေထဲမှာမှ လှုပ်နိုင်ရှားနိုင် လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေ အားလုံးနီးနီးက ထောင်ထဲမှာကိုး ၊
ထောင်ပြင်မှာ ပြန်လွှတ်ထားတဲ့ သူတွေကြတော့လဲ ကိုယ်တိုင်တောင် လှုပ်လိလှုပ်လဲ့ နဲ့ စိတ်ဓါတ်ကလေးနဲ့ဘဲ တင်းခံထားရတဲ့ ဇရာထောင်းစပြုနေတဲ့လူကြီးပိုင်းတွေ ဆိုတော့ လူငယ်တွေက သူတို့ကို လေးစားလိုက်နာပေမယ့်လို့ လူကြီးတွေက အစိုးရနဲ့ ခွန်အားပြိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အရွယ်တွေ ရောက်နေပြီလေ။
မြန်မာပြည်လူဦးရေရဲ့ ( ၀.၀၀၀၀၀၀၁ရာခိုင်နှုန်း ) လောက်ဘဲရှိပါလိမ့်မယ်
နံပါတ် (၂) လိုလူတွေကို အစိုးရက လှောင်ချိုင့်ထဲက ငှက်ကလေးတွေလို အပိုင်ချည်တုပ်ချုပ်နှောင်ထားတဲ့အပြင်
နောက်ပေါ်လာမယ့် ဒီလူတွေခြေရာလိုက်နင်းမယ့် လူငယ်တွေ ကြောက်တတ်အောင် လဲ မှတ်လောက်သားလောက် အောင် ဆုံးမပြထားခြင်းနဲ့ ခြောက်လှန့်ထားပြီးသားပါ။
နံပါတ် (၃) လိုလူတွေကသာတိုင်းပြည်ရဲ့ အဓိက အရေးအကြီးဆုံးလူတွေဖြစ်ပါတယ်
သူတို့ဟာ လမ်းခုလတ်မှာ တွေဝေနေတဲ့သူတွေ
ဘက်မရွေးရသေးတဲ့… ဘယ်ဖက်ကမှမရပ်တည်ရသေးတဲ့… သူတွေ
ဒီလူတွေဟာ တိုင်းပြည်တစ်ပြည် ရဲ့ စနစ်ကို ပြောင်းလဲတော်လှန်တဲ့အခါမှာ အဓိကအကျဆုံးလူတွေပါဘဲ
ဘာလို့လဲ ဆိုတော့ သူတို့က တိုင်းပြည်တစ်ပြည်လုံးရဲ့ အများဆုံးသောလူဦးရေ ဖြစ်တဲ့ ( ၈၅ ရာခိုင်နှုန်း ) လောက်ဖြစ်နေလို့ပါဘဲ
စနစ် ပြောင်းလဲ တော်လှန်ရေး လုပ်မယ်ဆိုရင် ဒီလူတွေ ကို အဓိက ပစ်မှတ်ထားပြီး ဆွဲဆောင် စည်းရုံးနှိုင်စွမ်းရှိဖို့ က အရမ်းအရေးကြီးပါတယ်
ဒီအချက်တွေကို နအဖကလဲ ကြိုသိထားပြီးသားပါ
ဒီတော့ နံပါတ် (၃) လိုလူတွေ များလေ အစိုးရကြိုက်လေပါဘဲ
ဒီနေရာမှာ ပြည်ပနိုင်ငံရေးသမား တွေကလဲ သူတို့ရဲ့ ရှေးရိုး အစဉ်အလာ ယုံကြည်မှုအတိုင်း
နံပါတ် (၁) တွေကို ဂုဏ်ပြုတယ် ချီးမွှန်းခန်းဖွင့်တယ်
နံပါတ် (၂) တွေကို ကဲ့ရဲ့ရှုံ့ချမယ် စာနဲ့ အပြောနဲ့ ဝေဖန်တိုက်ခိုက်တယ်
အဲဒိမှာ နိုင်ငံရေးသမားတွေရဲ့ ကျူးလွန်နေကျ မဟာ အမှားကြီးတွေကတော့…
နံပါတ် (၃) တွေကို ကိုယ့်ဘက်ပါလာအောင် မကြိုးစားဘဲနဲ့ သူတို့ကို မထောက်ခံမိတာနဲ့ ငါနဲ့ မတူ ငါ့ရန်သူ ဆိုတဲ့ ပုံစံ နဲ့ ဆက်ဆံတယ် ရန်ရှာတယ် စကားလုံးတွေနဲ့ ထိုးစစ်ဆင်တယ်…
အဲ့ဒိတော့ ဘာဖြစ်ဖြစ်လာလဲ ဆိုရင် နံပါတ် (၃) တွေထဲက တစ်ချို့က နံပါတ် (၁) တွေဖြစ်ကုန်ကြတယ်
ဘာလို့လဲ ဆိုတော့ နိုင်ငံရေး မလုပ်တဲ့သူကို လောလောဆယ် အစိုးရက ရန်မရှာဘူးလေ သူတို့ကို နိုင်ငံရေးသမားတွေကသာ တစ်ချိန်လုံး တိုက်ခိုက်နေတာဆိုတော့ ကြာလာတော့ အစိုးရဘက်ကနေတာ အန္တရာယ် လဲကင်း အကျိုးတောင်ရှိသေးတယ် လို့မြင်လာရော။
နိုင်ငံရေးသမားတွေ ရဲ့ တော်လှန်ရေး ဘာကြောင့် မအောင်မြင်သလဲ ဘာကြောင့် ပြည်သူတွေကို ဗိုလ်ချုပ်အောင်ဆန်းလို အမေစု တို့လို မစည်းရုံးနိုင်လဲ ဆိုရင် အဲ့ဒိ အချက်က အဓိက ပါဘဲ။
ခုလဲ ဆိုးတာက Celebrity ဆိုတဲ့ အနုပညာရှင် တိုင်းဟာ ပြည်သူလူထုရဲ့ ချစ်ခင်မြတ်နိုးမှု ကိုရရှိထားလို့သာ အောင်မြင်မှုကို ရရှိခဲ့ကြတာပါ
လူတွေကို မိမိဖက်ပါအောင် စည်းရုံးတဲ့အခါ အနုပညာသည်တွေနဲ့ စည်းရုံးတဲ့နည်းက အမြန်ဆုံး နဲ့ အထိရောက်ဆုံး ဆိုတာကို စိတ်ဓါတ်စစ်ဆင်ရေး ကို တစ်ဖက်ကမ်းခတ်နေအောင် လေ့လာတတ်မြောက်ထားတဲ့ နအဖခေါင်းဆောင်တွေက သိထားပြီးသားပါ။
ဒါကြောင့် ဒီ “ အာရုဏ်ဦး မှာ ပွင့်တဲ့ကြာ “ ဆိုတဲ့ ရုပ်ရှင်ဇတ်ကား ထဲမှာ လက်ရှိ လူကြီးလူငယ် ပြည်သူတွေ အားလုံးကြိုက်ကြတဲ့ သရုပ်ဆောင်တွေ အားလုံးကို ထည့်သွင်း သရုပ်ဆောင်ခိုင်းထားတာကိုကြည့်ပါ။
ခုဒီလို ကားမျိုးထွက်လာတဲ့အခါ မြန်မာပြည်သူလူထုက ပေါ်လစီကားမှန်းသိနေတဲ့ အတွက် ဒီလောက်ကြီးလဲ ထူးခြားပြီး မပြောင်းလဲသွားသလို သူတို့ အရင်ထဲက ချစ်တဲ့ သရုပ်ဆောင်တွေကိုလဲ မုန်းမသွားကြပါဘူး
အားလုံးက နဂိုအတိုင်းဘဲ ရှိနေကြတာပါဘဲ။
ဒါပေမယ့် ခု ပြည်ပက နိုင်ငံရေး သမားတွေ လုပ်လိုက်တဲ့ လုပ်ရပ်က ရုပ်ရှင် အနုပညာသည် တွေ အားလုံးကို နံပါတ် (၃) နေရာကနေ နံပါတ် (၁) နေရာကို အတင်းပြောင်းခိုင်းလိုက်တာပါဘဲ။
တကယ်ဆို အောင်မြင်ကျော်ကြားတဲ့ အနုပညာသမားတွေကို တည့်အောင်ပေါင်းပြီး သူတို့ကနေတဆင့် လူထုကို ဆွဲဆောင် စည်းရုံးနိုင်ရမယ့် အစား မိမိရဲ့ အင်အားအကြီးမားဆုံး လက်နက် တစ်ခုကို မိမိကိုယ်တိုင်ဘဲ ဖျက်ဆီးပစ်လိုက်ကြတာပါဘဲ။
လွတ်လပ်၊ ခေတ်မှီ၊ ပွင့်လင်းတဲ့ အမေရိကား လို နိုင်ငံမျိုးမှာတောင် သမ္မတ ကအစ အနုပညာသမားတွေကို တည့်အောင်ပေါင်းရပါတယ်။ သူတကယ်ကြိုက်ကြိုက် မကြိုက်ကြိုက် ပြည်သူတွေ အရမ်းကြိုက်တဲ့ သူတွေနဲ့ ရင်းနှီးခင်မင်မှုရှိတယ်ဆိုတာ ပြည်သူတွေ မြင်အောင် နေပြခြင်းအားဖြင့် ပြည်သူတွေရဲ့ မေတ္တာကို ရယူနိုင်တယ်ဆိုတဲ့ အယူအဆကို American တွေတောင် ခုထက်ထိ လက်ခံယုံကြည်ပြီး ကျင့်သုံးနေရဆဲပါဘဲ။
ဒါတွေ အားလုံးဟာ ကျွန်တော့် လက်တွေ့နဲ့ ဘဝကပေးတဲ့ အတွေ့အကြုံတွေ ကို အခြေခံပြီးပြောပြတာပါ
အားလုံးနဲ့တော့ တစ်ထပ်တည်းကျချင်မှကျပါလိမ့်မယ်။
ဒီတော့ အတိုချုပ်ပြောရရင် ခု နိုင်ငံရေးသမားတွေ လုပ်နေတဲ့ Campaign ကြီးဟာ ကလေးဆန်ပြီး တရားမျှတမှုမရှိဘဲ
ဘာကောင်းကျိုး သက်ရောက်မှု မှလဲ ရမှာ မဟုတ်တဲ့ လုပ်ရပ်ကြီး ဖြစ်ပြီး မိတ်ဆွေဖွဲ့သင့်သူကို ရန်သူဖြစ်သွားစေတဲ့ လုပ်ရပ်လို့ဘဲ မြင်ပါတယ်။
ဒီတော့ လက်ရှိ “ အာရုဏ်ဦး မှာ ပွင့်တဲ့ကြာ “ ဇတ်ကားမှာ ပါဝင်ခဲ့ရတဲ့ အနုပညာသမားတွေ အားလုံးကို ဝါးလုံးမစင်သုတ်ပြီး ရမ်းသမ်းထိုးနှက်တိုက်ခိုက်နေတဲ့သူတွေ အဖွဲ့အစည်းတွေအားလုံးကို ကျွန်တော် ဆန့်ကျင်ပါတယ်။
တကယ်လို့ ဒီကားမှာ ပါတဲ့အကြောင်းအရာတွေ မှန်ကန် ခြင်း ရှိမရှိဆိုတာ ဇာတ်လမ်းရေးသားသူ (သို့မဟုတ်) ဇာတ်လမ်း ကိုပုံစံသွင်းပြီး ရေးခိုင်းသူ ၊ ဇာတ်လမ်းဇာတ်ကွက် နဲ့ စကားပြောတွေကို ရေးသားညွှန်ကြားတဲ့သူ မှာဘဲ တာဝန်ရှိပါတယ်။
ရှင်းရှင်းပြောရရင် ဒါရိုက်တာတောင်မှ အစိုးရက “ ရော့.. အင့်.. ဒါကို ဒီလို ဒီလူနဲ့ ဖြစ်အောင် ရိုက်ပေး လျှာမရှေ နဲ့ “ ဆိုလဲ ရိုက်ပေးရမှာပါဘဲ။
မင်းသားမင်းသမီးတွေကလဲ “ ဒီအခန်းမှာ ဒါပြော “ လို့… ဒါရိုက်တာ သင်ပေးတဲ့အတိုင်းပြောရတာပါ
အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ဒီကားရဲ့ သမိုင်းကို လွဲမှားစွာ တင်ပြထားမှုဟာ သရုပ်ဆောင်တွေ နဲ့ ဘာမှ မဆိုင်တဲ့အတွက် သူတို့မှာ ဘာအပြစ်မှ မရှိပါဘူး။
မမှန်ကန်တဲ့ သမိုင်းကို ရုပ်ရှင်ဇာတ်လမ်းဖြစ်အောင်ရေးသားဖို့ ခိုင်းစေခဲ့သူ အစိုးရမှာသာ တိုက်ရိုက် တာဝန်ရှိပါတယ်
ဒီတော့ မိတ်ဆွေ နိုင်ငံရေးသမား အာဇာနည် ကြီးများ လုပ်သင့်တာက မြန်မာပြည်ကို ပေါ်တင်ပြန်သွားပြီး နေပြည်တော် နဲ့ ရန်ကုန် မြို့လည်ခေါင်က ဒီကားပြနေတဲ့ ရုပ်ရှင်ရုံတွေတိုင်းရဲ့ရှေ့မှာ မားမားကြီးရပ်ပြီး ခု ပြည်ပကနေ ပြောနေတဲ့ လေကြီး မိုးကြီးစကားတွေ ကြွေးကြော်သံတွေ အားရပါးရသွားအော်ကြသင့်တယ်လို့ တိုက်တွန်းပါရစေ။
ဒီစာကိုရေးလို့ ကျွန်တော့်ကိုလဲ တိုင်းပြည်ကို သစ္စာဖေါက်တယ်လို့ စွပ်စွဲချင်လဲရပါတယ်
ကျွန်တော်က
ကိုယ့် ဓမ္မ ကိုယ် ယုံ
ကိုယ့်လိပ်ပြာ ကိုယ်သန့်
ကိုယ့်အလုပ် ကိုယ်လုပ် နေတဲ့သူပါ
ပြဿနာ မရှိပါဘူး
တကယ်တမ်း တိုင်းပြည်နဲ့ လူမျိုးကိုသစ္စာဖေါက်ခဲ့တဲ့သူတွေကတော့
၈၈ ထဲကနေ ဒီနေ့ထိ ချစ်လှပါချည်ရဲ့ဆိုတဲ့ တိုင်းပြည်ကို ဒုက္ခပင်လယ်ထဲမှာ ထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်လာခဲ့တဲ့ …
၂၂ နှစ်လုံးလုံး Statement တွေအများကြီး ထုတ်ခဲ့တာကလွဲလို့ တိုင်းပြည်နဲ့ ပြည်သူတွေကို ဘာမှ အကျိုးမပြုခဲ့တဲ့ …
ဘာအန္တရယ်မှ မရှိတဲ့ အဝေးကြီးက အနောက်တိုင်းနိုင်ငံတွေမှာ ဇနီးမယား သမီးသား နဲ့ ကြီးပွားပြီး လောကစည်းစိမ်ကို အပြည့်ခံစားမူးယစ်ရင်း အခွင့်ကြုံတိုင်း လူမြင်ကွင်းမှာ.. အင်တာနက်ထဲမှာ.. လက်သီးလက်မောင်းတန်းပြီး စကားလုံးအကြီးကြီးတွေကို အသံကောင်းဟစ်ရင်း လေထုတော်လှန်ရေး နဲ့ လုပ်စားနေတဲ့ နိုင်ငံရေးသမားဆိုတဲ့ သူတွေပါဘဲ။
မှတ်ချက်။ ။ စာတော်တော် ရှည်သွားတဲ့အတွက် ကြိုပြီးတောင်းပန်ချင်သလို
အချိန်ယူပြီး ဖတ်ပေးတဲ့ အတွက်လဲ အရမ်းကျေးဇူးတင်ပါတယ်နော်
လေးစားခင်မင်စွာဖြင့်
မျိုးချစ်
Aug 3rd, 2010
Copy from 8888peoplepower@yahoogroups.com
Wednesday, August 4, 2010
လက်နက်ကိုင်ချင်းအတူတူ သီးခြားအမိန့်တွေကို ငြိမ်းအဖွဲ့များ လိုက်နာ၊ လက်ခံသင့်ပါသလား။ နအဖ လက်နက်ကိုင်တွေကကော
ကရင် အပစ်ရပ်အဖွဲ့များ တပ်ပြင်ပတွင် လက်နက် မကိုင်ရ
ဘစောတင် Wednesday, August 04, 2010
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အားလုံးကို သက်ဆိုင်ရာ တပ်များမှ ပြင်ပသို့ သွားလာ ရာတွင် ယူနီဖောင်း ၀တ်ဆင်ခြင်းနှင့် လက်နက် ကိုင်ဆောင်ခြင်းတို့ကို ယမန်နေ့မှစ၍ တားမြစ်သည့်အမိန့် ထုတ်ပြန်လိုက် ကြောင်း သတင်း ရရှိသည်။
စစ်ရေးပြပွဲတခုတွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
ယခုအမိန့်သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူထားသော လက်နက်ကိုင်တပ်ဖွဲ့ အားလုံးအတွက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
“DKBA အပါအ၀င် ငြိမ်းအဖွဲ့ဝင်တွေ အားလုံး ပြင်ပကို သွားတဲ့အခါ အရပ်ဝတ်နဲ့ပဲ သွားရမယ်၊ ယူနီးဖောင်း ၀တ်မသွားရဘူး၊ ဘာလက်နက်မှ မယူရဘူးဆိုပြီး မနေ့က စစ်အစိုးရရဲ့ ဗျူဟာမှူးရုံးက အမိန့်စာလာတယ်။ မနေ့က ငြိမ်းအဖွဲ့စုံက လူကြီးတွေနဲ့ တိုင်းကလူကြီးတွေ အစည်းအဝေးလုပ်ရာမှာ အခုလို အမိန့်ထုတ်သွားတယ်”ဟု DKBA တပ်ဖွဲ့ဝင်က ဆိုသည်။
စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် DKBA မှ အရာရှိများ၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီ ((KNU/KNLA) အဖွဲ့မှ အရာရှိများသည် မြ၀တီခရိုင်ရုံးတွင် သြဂုတ်လ ၂ ရက်နေ့က အစည်း အဝေး ပြုလုပ်ခဲ့ကြပြီးနောက် ဤအမိန့် ထွက်လာခြင်းဖြစ်ကြောင်း၊ ယင်းအမိန့် ထွက်လာခြင်းသည် မိမိတို့၏ လုပ်ပိုင်ခွင့်၊ လွတ်လပ် ခွင့်များကို လုံးဝ ထိန်းချုပ်လိုက်သကဲ့သို့ ဖြစ်ခြင်းကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များက လိုက်နာလိုခြင်း မရှိကြောင်း သိရသည်။
ငြိမ်းအဖွဲ့ဝင်များကို ကန့်သတ်ခြင်းမှာ DKBA တပ်ဖွဲ့ဝင်များသည် လက်နက် အပြည့်အစုံဖြင့် မကြာခဏ ထွက်ပြေးကာ ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် ပူးပေါင်းသောကြောင့် DKBA လူကြီးများ ကိုယ်တိုင် အဆိုပါအမိန့်ကို လက်ခံခြင်း ဖြစ်နိုင် သည်ဟု DKBA နှင့် နီးစပ်သူများက ပြောသည်။
စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောတူထားသော အမှတ် (၉၉၉) တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ကို သြဂုတ်လ ၅ ရက်နေ့တွင် မော်လမြိုင်သို့ အရောက်လာရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ ဆင့်ခေါ်ထားသည်ဟုလည်း သိရသည်။
“ကိုးသုံးလုံးက ဗိုလ်စောချစ်သူရယ်၊ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၈)က ဗိုလ်မှူးချုပ် သိန်းစိုးရယ်ကို တိုင်းစစ်ဌာနချုပ်က စာရွက်စာတမ်း အစုံအလင်ယူပြီး မနက်ဖြန် ရတခ ကို အရောက် လာဖို့ ညွှန်ကြားထားတယ်၊ နယ်ခြားစောင့်အတွက် အပြီးသတ် ဆွေးနွေးမယ့် သဘောပေါ့၊ ပြီးတော့ အဲဒီ အစည်း အဝေးမှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းတဲ့ ဗိုလ်နှုတ်ခမ်းမွေး တပ်ကိုလည်း တိုက်ဖို့ ဖိအားပေး နိုင်တယ်”ဟု DKBA တာဝန်ရှိသူ တဦးက ပြောသည်။
DKBA တပ်ဖွဲ့ဝင်တချို့သည် KNU ထံသို့ ယခုရက်အတွင်း လာရောက် လက်နက်ချ ပူးပေါင်းကြကြောင်း KNU အရာရှိ တဦးက ပြောဆိုသည်။
“DKBA အမှတ် (၉၀၂) တပ်က တပ်သား ၇ ယောက် စစ်လက်နက် အပြည့်အစုံနဲ့ KNU တပ်မဟာ (၆) တပ်ရင်း (၁၈) မှာ သြဂုတ်လ ၃ ရက်နေ့က လာရောက်လက်နက်ချတယ်”ဟု တပ်မဟာ (၆) ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေ က ပြောသည်။ မည်သည့် လက်နက်များ ယူဆောင်လာသည်ကို အတိအကျ မပြောနိုင်သေးဟု ၎င်းက ဆိုသည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့သည်။
ယခုချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကယားပြည်နယ် အထူးဒေသ(၂) (ကလလတ)၊ ကိုးကန့် အထူးဒေသ(၁) တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။
DKBA အတွင်း နအဖ၏ ဖိအားပေးမှုကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံသူနှင့် လက်မခံသူဟူ၍ နှစ်ခြမ်းကွဲခဲ့ သည်။ DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ခေါင်းဆောင်သော တပ်က နယ်ခြားစောင့်တပ်ဖွဲ့ရန် အပြင်းအထန် ဆန့်ကျင်ခဲ့သည်။ ဗိုလ်မှူးကြီး စောချစ်သူတို့ အဖွဲ့ကမူ နယ်ခြားစောင့်တပ်ဖွဲ့ရန် သဘောတူကြောင်း သိရသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်နေကြသည့် အပစ်ရပ်အဖွဲ့များမှာ 'ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ SSA – N မှ တပ်မဟာ (၁) နှင့် ရှမ်းပြည်နယ် အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ ဖြစ်ကြသည်။
၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Copy from www.irrawaddy.org
Monday, August 2, 2010
အမေရိကားမှာရှိတဲ့ အတိုက်အခံတွေရဲ့ အစွမ်းနှင့် အကျင့်၊ အကြံကို ကြည့်ကြစို့
မိုးသီးဇွန် ၀ိုင်းစုခိုင်သိန်းအား ပန်းကုံးစွပ်မှာလား
လာမည့် ရှစ်ရက်နေ.ဆိုရင် မြန်မာနိုင်ငံရဲ. မမေ့နိုင်စရာ 8-8-88 နေ.ကိုရောက်တော့မယ်၊ရဟန်းရှင်လူကျောင်းသားပြည်သူ များက စစ်အာဏာရှင် ဦးနေ၀င်းအစိုးရကို တော်လှန်ခဲ့သည့် နေ.တခုဖြစ်သလို စစ်အာဏာရှင်တို.ကလည်း လူမဆန်စွာ တိုင်းသူပြည်သားများကို သတ်ဖြတ်ခဲ့မူကြောင့် ကျောင်းသားတွေ သွေးချောင်းစီးခဲ့သည့် သမိုင်းဟာ ဖုံးထားလို.မရပါဘူး၊၊
ရှစ်လေးလုံးသမိုင်းကို ဒီကနေ. စစ်အစိုးရက သမိုင်းအမှန်အား လိန်ညာမူတွေနှင့် “အာရုဏ်ဦးမှာ ဖူးသည့်ကြာ” ဆိုတဲ့ ရုပ်ရှင်ဇတ်ကားကို ရှစ်လေးလုံးမတိုင်မှီ လူထုထဲကို ၀ါဒဖြန်.ခဲ့ပါပြီ၊စစ်အစိုးရ လုပ်ဆောင်ချက်တွေဟာ အမှားတွေဖြစ်တယ် ဆိုတာ ဒါရိုက်တာ တင်သန်းဦးနှင့် သရုပ်ဆောင်တွေဟာ သိပြီးဖြစ်ပါတယ်၊ ရှစ်လေးလုံးသမိုင်းအမှန်ကိုသိပါလျှက် ရှစ်လေးလုံးရဲ. သွေးစတွေဟာ ဘယ်အရာနဲ.မှ အပေးအယူလုပ်လို. မလုပ်ကောင်းတဲ့အရာတခုဖြစ်တယ်၊ဒါကို ပြည်သူက ကျွေးထားတဲ့ အနုပညာသမားများအနေဖြင့် ပြည်သူတွေရဲ. မျက်နှာကိုမကြည့်ဘဲ စစ်အစိုးရနှင့် အပေးအယူလုပ်၍ ဘ၀တနပ်စားဥာဏ်တွေနှင့် သမိုင်းအမှားကို ဇတ်လမ်းရိုက်ခဲ့ကြတယ်၊ရှစ်လေးလုံးသမိုင်းနှင့် တိုင်းသူပြည်သားတွေ အပေါ်မှာ စောင့်စည်းရမည့် သစ္စာတရားပျက်ခဲ့တာ အားလုံးအသိဖြစ်တယ်၊၊
သမိုင်းအစဉ်အလာနှင့် သစ္စာတရားကို တန်ဘိုးထားရမှန်းမသိတဲ့ အနုပညာသမားတွေကို ဗြိတိန်နိုင်ငံ လန်ဒန်မှာရှိကြတဲ့ ဒီမိုကရေစီအင်းအားစုကြီးက ဆန္ဒတွေဖော်ထုတ်ခဲ့ပါပြီ၊အမေရိကန်၊ကနေဒါအပါဝင် တိုင်းပြည် အသီးသီးမှာ ရှိနေသည့် ဒီမိုကရေစီ အင်အားစုကြီးက ရှစ်လေးလုံးသမိုင်း မရိုင်းရအောင် စစ်အာဏာရှင်တို.ရဲ. ၀ါဒဖြန်. ဇတ်ကားကို ရိုက်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းအပါဝင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကို ဆန္ဒပြရန် ရှစ်လေးလုံး နေ.ရက် နီးကပ် လာပါပြီ၊အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇတ်ကားမှာ တက်တက်ကြွကြွသရုပ်ဆောင်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းဟာ အခုဆိုရင် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို.က NLD အဖွဲ.၀င်များနှင့် ကျောင်းသားသမဂ္ဂများက ဖိတ်ကြားထားလို. စတိတ်ရိုး တခုအဖြစ် 8-8-2010 နေ.ဘတ်ဖဲလိုးမြို.၌ သီချင်းဆို ဖျော်ဖြေမည်ဟု သိရပါတယ်၊၊
8-8-88 သမိုင်းအမှန်ကို ဆော်ကားခဲ့သည့် အနုပညာသမားများက 8-8-နေ.မှာပဲ ဘတ်ဖဲလိုးမြိုမှာ ကျင်းပမယ်ဆိုတော့ ထူးဆန်းနေပါတယ်၊ကာရိုလိုင်းနပြည်နယ်နှင့် ကာလီဖိုးနီးယားပြည်နယ်တွေမှာလဲ စီစဉ်ထားတယ်လို. အင်တာနက် စာမျက်နှာများမှာတွေ.နေရပါတယ်၊၊ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် ရဲဘော်များဟာ နယူးယောက်ပြည်နယ် အထက်ပိုင်းမြို.တွေမှာ များစွာရှိနေပါတယ်၊အင်ဒီယားနယ်ပြည် ဖော့ဝိန်းအစ အမေရိကန် ပြည်နယ်အများပြားမှာ 88 ကျောင်းသားခေါင်းဆောင်တွေဟာ သူတို.သမိုင်းကို သူတို.ဘာတွေလုပ်ကြမယ်ဆိုတာ စောင့်ကြည့်ရမှာပါ၊၊
88 လေးလုံးက မိုးသီးဇွန် ၀ိုင်းစုခိုင်သိန်းကို ပန်းကုံးစွတ်မှာလား၊မန္တလေး ဗကသ အောင်မိုးဝင်း၊ သံဃ ဥသျှောင်ရဲ. ဦးဆောင်ဆရာတော် ဦးစန္ဒောဘာသဘုရား၊ ဆရာတော်တို.မြိုနှင့် ပြည်နယ်မှာ 88သမိုင်းကို လိန်နေသူ တွေရောက်အောင် လုပ်ဆောင်နေတဲ့ အပေးအယူသမား ဘတ်ဖဲလိုးက NLD ငမိုက်သားများကို မဆုံးမ တော့ဘူးလား ဘုရား၊ဆရာတော်ရဲ. ရဲရင့်ပြတ်သားတဲ့ ရပ်တည်ချက်ကို လူကိုယ်တိုင်မတွေ.ဘူးပေမဲ့ အင်တာနက်နှင့် မီဒီယာများမှာ သိခွင့်ရခဲ့ပါတယ်၊အခု 88 သမိုင်းကို ဗြောင်းပြန်လုပ်နေတဲ့ ၀ိုင်းစုခိုင်သိန်း ဘတ်ဖဲလိုးမြို. လာရောက်မှာကို ဆရာတော် သိပါလား၊၊
88 တပည့်တော်မ (အင်္ဂလန်)
