လေးစားမျှော်လင့်ခဲ့ရဘူးပါသော နိုင်ငံရေးသမား၊တော်လှန်ရေးသမားဆိုသောသူများခင်ဗျား ……
ကျွန်တော်က မဆလစစ်တပ်ရဲ့ ကြက်/၀က်/နွား လုယက် ၊ ပေါ်တာဆွဲမုဒိန်းကျင့် ၊ မထင်သလိုရိုက်နှက်သတ်ဖြတ်တာတွေကို နေ့စဉ်နှင့်အမျှ ကိုယ်တိုင်မြင်တွေ့ ခံစားခဲ့ရသူပါ ၊ ကျောင်းသားတွေဦးဆောင်ပီး ရှစ်ဆယ့်ရှစ်မှာအရေးခင်းဖြစ်တော့ ကျွန်တော်အရမ်းလေးစားအထင်ကြီးအားကိုးခဲ့တာပါ ၊ ကျောင်းသားတွေ အသေခံပြီးဆန္ဒတွေပြလို့ မဆလဦးနေ၀င်းကြီးပြုတ်ကျပီဆိုတော့ အားရ၀မ်းသာစိတ်ဖြစ်လိုက်ရတာများဗျာ….။
စစ်တပ်ကပစ်သတ်အာဏာသိမ်းလို့ ကျောင်းသားတွေသေလိုက်ကြတာဆိုတော့ သူတို့မိသားစုတွေကိုယ်စားခံစားမိပြီး တောက်ခေါက်ဒေါသလဲထွက်ခဲ့ဘူးပါတယ် ၊ ပြန်ခံချရအောင် ကျောင်းသားတွေတောခိုကြတယ်ဆိုတော့လဲ လေးစားလိုက်ရတာဗျာ ၊ ငါတို့ပြည်သူတွေအတွက် ဘ၀တွေအသက်တွေကိုစတေးပြီး တိုက်ပွဲဝင် ပေးနေတဲ့သူတွေဆိုပြီး အထင်ကြီးအားကျလိုက်ရတာ ၊ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ကိုဖမ်းသွားပြီ ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းသွားပြီဆိုတော့လဲ သူတို့တွေနဲ့နှိုင်းယှဉ်ပြီး နိုင်ငံရေးသမားဆိုတာ ငါတို့ပြည်သူတွေအတွက် မိတကွဲဘတကွဲဘ၀တွေပျက်ခံပြီး ၊ အဘက်ဘက်ကအနစ်နာခံကိုယ်ကျိုးစွန့်ပြီး လုပ်နေ သူတွေလို့ အရမ်းကြည်ညိုခဲ့တာပါ……။
“ဒါဆိုလဲ ..မင်းကိုယ်တိုင်လဲလုပ်ပေါ့ကွာ”လို့ ခင်ဗျားတို့ ပြောချင်မှာပေါ့ ၊ လုပ်ချင်တာပေါ့ဗျာ ၊ ဒါပေမဲ့ လူတိုင်းဟာ လိုက်ပါနိုင်တဲ့ပုံသဏ္ဍာန်ကွဲပြားကြတာပါပဲ ၊ ခင်ဗျားတို့ထဲမှာတောင် လူမှုရေးအသင်းဖွဲ့တွေလောက်အလုပ်မှာတင်ပီးနေတဲ့သူတွေ ၊ ကျောင်းသားအဖွဲ့ဆိုပီးလုပ်နေတာတွေ ၊ ပါတီဝင်ဆိုပီးလုပ်နေတာတွေ ၊ လက်နက်ကိုင်ပီးပြန်ချကြတာတွေ အမျိုးမျိုးဖြစ်နေတာမလား ၊ ကျွန်တော်လဲ ကျွန်တော်နိုင်သလောက်တော့ ပါခဲ့လုပ်ခဲ့ဘူးတာပေါ့ ၊ ခင်ဗျားတို့ကို လက်ခုတ်တီး အားပေးတယ်ဗျာ ၊ စစ်တပ်လိုက်ဖမ်းလို့ပြေးရသူတွေကို ၀ှက်ပေးတယ်ဗျာ ၊ ခင်ဗျားတို့အတွက် ကျွန်တော့ချွေးနဲစာလေးထဲကနေ ထမင်းထုတ်ဝေရေဘူးကမ်း လုပ်တယ်ဗျာ ၊ ခင်ဗျားတို့ကိုချီးမွမ်းခန်း အရပ်တကာလည်ပြောဘူးတယ်ဗျာ ၊ ကဲ..ဒါကျွန်တော်တတ်နိုင်သလောက် လုပ်ခဲ့တာထင်တာပါပဲ ၊ မိသားစုဘ၀အခြေနေ ကြောင့် ကိုယ်တိုင် လက်သီးဆုတ်ဆန့်တန်း ဒို့အရေးအော်ဆန္ဒမပြဘူးပေမဲ့ ၊ ကိုယ်တိုင်သေနတ်ကိုင်ပြန်မချဘူးပေမဲ့ ၊ ခင်ဗျားတို့ကိုကူညီတဲ့နည်းနဲ့တော့ အားပေးပါဝင်ခဲ့တာပါပဲ ..။
ခုတော့ဗျာ..၂၂နှစ်ဆိုတဲ့အချိန်ကာလက ခင်ဗျားတို့ကိုပြောင်းလဲပလိုက်ပီပဲ ၊ ခင်ဗျားတို့သမိုင်းတွေကို ဒီကာလထဲမှာ ခင်ဗျားတို့ဘာသာပဲ ပြန်ဖျက်ဆီးနေကြပီ ပဲဗျာ..၊ ဗမာပြည်ထဲမှာထောင်ကျနေတဲ့သူတွေနဲ့ တောထဲမှာသေခဲ့ပီးတဲ့သူတွေကလွဲရင် ခုဘယ်မှာလဲသေနတ်ကိုင်ပြန်ချနေတဲ့ရှစ်ဆယ့်ရှစ်ကျောင်းသား ၊ ဘယ်မှာလဲ ကိုယ်ကျိုးစွန့်အနစ်နာခံနေပါတယ်ဆိုတဲ့သူတွေ ၊ မဆလခေတ်ကကောင်စီလူကြီးတွေလို အခွင့်ထူးခံနေသူတွေကိုပဲတွေ့နေရတော့ ရွှေ့ပြောင်း အလုပ်သမားတွေကြား နိုင်ငံရေးသမားချီးမွမ်းခန်းဖွင့်ပြောတဲ့ကျွန်တော့စကားတွေ ၊ ပုံပြင်လိုလို ပျက်လုံးလိုလို လှောင်ပြုံးခံနေရလေရဲ့..။
ဘယ်မှာလဲ ခင်ဗျားတို့လုပ်နေတဲ့နိုင်ငံရေး ၊ ဘယ်မှာလဲတော်လှန်ရေး ၊ ဘယ်ရောက်သွားပီလဲ ၊ လက်တွေ့အလုပ်မပြောနဲ့ နိုင်ငံရေးစကားတောင် ၀တ်ကျေတန်း ကျေ (ခင်ဗျားတို့ရနေတဲ့အထောက်အပံ့တွေ ရပ်မသွားယုံလောက်)ပြောနေကြတာမဟုတ်လား ၊ တချို့ကသွားပီ ၊ နိုင်ငံတကာမှာ ရောက်သွားကုန်ပီ ၊ ဗမာပြည်နဲ့ မိုင်ထောင်ချီဝေးတဲ့နေရာမှာသွားနေပီး ဒီစစ်တပ်ကိုဘယ်လိုပြန်တိုက်မှာလဲ ၊ ကိုယ့်ဘာသာကျောင်းတွေတက် စီးပွားရေးတွေလုပ်နေကြပီး အင်တာနက်ပေါ်မှာ ကိုယ်ရေသွေးပြ ၊ ရန်ဖြစ်ကြနဲ့ ၊ ဆယ်ရေးတရေးကိုးရေးတခါ သံရုံးရှေ့ဆန္ဒပြတာထက်ပိုမလာတော့ဘူး ၊ ဗမာပြည်သူတွေရဲ့အခြေနေမှန်ကိုလဲ အင်တာနက်ပေါ် တွေ့သလောက်နဲ့ရမ်းဝေဖန်နေတာထက်ပိုပြီး မသိတော့ဘူး ၊ ပြောကြည့်စမ်းပါဗျာ ခင်ဗျားတို့နိုင်ငံတကာရောက်သူတွေဆက်လုပ်နိုင်မဲ့ နိုင်ငံရေးအလုပ်တွေကို..။
ကျွန်တော်တို့က ၇ှစ်ဆယ့်ရှစ်မှာထဲကခင်ဗျားတို့ကိုထောက်ခံခဲ့တာပါ ၊ ၁၉၉၀မှာလဲ ကျောင်းသားတွေရဲ့ခွပ်ဒေါင်းအလံကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါတီကိုပဲ မဲပေးခဲ့တာပါ ၊ အဲဒီယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ဖျက်ဆီးခဲ့တဲ့အတွက် ခင်ဗျားတို့ကနေ့ထိမအောင်မြင်တာ ၊ ကျွန်တော်တို့လဲသူများနိုင်ငံမှာ ခုလိုကျွန်ဖြစ် နေသေးတာပါ ၊ ငြင်းမလား ၊ ငြင်းရဲတဲ့သူရှိလား ၊ ကျွန်တော်တို့မဲဆောက်ဟာ နိုင်ငံရေးမြို့တော်ပဲ ၊ နိုင်ငံရေးသမား ၊ တော်လှန်ရေးသမားပါဆိုတဲ့လူတွေ အကုန် ရှိတယ် ၊ အဖွဲ့အစည်းအကုန်ရှိတယ် ၊ စစ်တပ်မကောင်းဘူး ၊ ဗမာပြည်ကအစိုးရမကောင်းဘူး ၊ ဒါကြောင့်ငါတို့ဒီမှာ လူမျိုးခြားတွေစော်ကားခံပြီးကျွန်ဖြစ်နေရတာ ဆိုတာကိုသိတဲ့ ကျွန်တော်လိုအလုပ်သမား သိန်းနဲ့ချီရှိတယ် ၊ ဗမာပြည်ကပြည်သူတွေမပြောနဲ့ မဲဆောက်မှာရှိတဲ့ အလုပ်သမားတွေကိုတောင်မစည်းရုံးနိုင်လို့ ၊ ယုံကြည်လေးစားအောင်မနေကြလို့ ခင်ဗျားတို့ကနေ့ထိမအောင်မြင်တာ ။
ဘာထူးလဲ ၊ ကျွန်တော်တို့မဲဆောက်ကအလုပ်သမားတွေအမြင်မှာ အဖွဲ့အစည်းကလူ ( နိုင်ငံရေးသမား ၊ တော်လှန်ရေးသမား )ဆိုတာတွေဟာ အခွင့်ထူးခံတွေပဲ ၊ လူထူးတွေပဲ ၊ ကျွန်တော်တို့နဲ့ ဘ၀တွေတခြားစီပဲ ၊ ကျွန်တော်တို့က ဘတ်၇၀၀/၈၀၀တန်အခန်းလေးတွေကို နှစ်ဦးသုံးဦးစုနေကြရတယ် ၊ ခင်ဗျားတို့တွေက တစ်ဦးကို ဘတ်၂၀၀၀ကနေသောင်းချီတန်တဲ့အိမ်တွေခြံတွေနဲ့နေနိုင်တယ် ၊ ခင်ဗျားတို့အိမ်တွေတိုင်းမှာ တီဗွီ,အောက်စက်,ရေခဲသေတ္တာ,အ၀တ်လျှော်စက် ဇိမ်ခံ ပစ္စည်းတွေအကုန်ရှိတယ် ၊ ဆိုင်ကယ်တ၀ီဝီနဲ့သွားလာနေကြတယ် ၊ တချို့ဆို ဘတ်သန်းချီတန်တဲ့ကားကြီးတွေနဲ့ (တခါတခါ ကျွန်တော်တို့ အလုပ်သမားတွေကို မတူမတန်သလိုနှိမ်ချတဲ့အကြည့်တွေနဲ့ ကားပေါ်ကနေလှမ်းကြည့်နေတတ်သေးတယ်) ၊ ခင်ဗျားတို့သားသမီးတွေကို ကျွန်တော်တို့အလုပ်သမားသားသမီးတွေ အတွက်ဖွင့်ပေးထားတာပါဆိုတဲ့ ခင်ဗျားတို့ ကိုယ်တိုင်ထူထောင်ထားတဲ့ ကျောင်းတွေမှာတောင် တန်းတူမထားကြပါဘူး ၊ ထိုင်းကျောင်း ၊ တရုပ်ကျောင်း ၊ အင်တာနေရှင်နယ်ကျောင်းဆိုတာတွေမှာပဲထားကြတယ် ၊ ပစ္စည်းမဲ့လူတန်းစားအရေး ၊ အလုပ်သမားအရေးကြွေးကြော်ခဲ့ဘူးတဲ့ ကွန်မြူနစ်ဆိုသူကြီးတွေက အစပဲလေ ၊ ကျွန်တော်တို့က တလဘတ်၂၀၀၀လောက်ရဘို့ သူများကျွန်အဖြစ် အချိန်ပြည့်ပင်ပင်ပန်းပန်းလုပ်နေရချိန်မှာ ခင်ဗျားတို့က လစာငါးထောင်တစ် သောင်း သက်တောင့်သက်သာရနေကြတယ် ၊ ကျွန်တော်တို့က တနပ်ငါးဘတ်နဲ့ဝအောင်စားနေချိန်မှာ ခင်ဗျားတို့ကဆိုင်ကြီးဆိုင်ကောင်းတွေမှာ ဘတ်ရာကျော် အကုန်ခံစားနေကြတယ် ၊ ကုန်ကုန်ပြောရရင်ဗျာ ၊ ကျွန်တော်တို့အလုပ်သမားတွေ မရောက်နိုင်မသွားနိုင်တဲ့ ကာရာအိုကေ နိုက်ကလပ် ၊ ဖာရုံ ၊ အနှိပ်ခန်း ၊ ဘီယာဆိုင်ကြီးတွေကို ခင်ဗျားတို့ပဲ ညတိုင်းလိုသွားနိုင် နေနိုင်ကြတယ် ၊ ကဲ..ပြော ၊ ဘယ်မှာလဲ ခင်ဗျားတို့ကိုယ်ကျိုးစွန့်နေကြတာပါဆိုတာ ၊ ကျွန်တော်တို့ ပြည်သူတွေအတွက် အနစ်နာခံနေကြပါတယ်ဆိုတာ ဘယ်နေရာမှာမှမတွေ့ရတော့ဘူး ၊ ခင်ဗျားတို့ကရော ကျွန်တော်တို့ဆန့်ကျင်ရမဲ့ စစ်ဗိုလ်ချုပ်အသိုင်း အ၀ိုင်းက လူတွေရဲ့နေထိုင်မှုမျိုးတွေနဲ့ ဘာကွာတော့လဲ ၊ ဒါပဲ ၊ ကျွန်တော်တို့က စစ်တပ်အစိုးရမကောင်းမှန်းသိပါရဲ့ မဆန့်ကျင်ကြသေးတာ ၊ ခင်ဗျားတို့ကိုပါ မယုံတော့လို့ပဲ ..။
ကျွန်တော်တို့အမြင်မှာ ခင်ဗျားတို့ဟာ ကျွန်တော်တို့ကိုပြလုပ်စားနေသူတွေပဲ ၊ မယုံဘူး ၊ စစ်တပ်ကိုနာကျည်းသလို ခင်ဗျားတို့ကိုလဲ မယုံကြတော့ဘူး ၊ ခင်ဗျားတို့ ဘာကော်မတီ ၊ ဘာအဖွဲ့ဆိုပြီး တရားတွေလာဟော ဆွေးနွေးပွဲတွေလုပ် လုပ်နေတာ အလုပ်ရုံတရုံတရုံချင်းမှာရှိတဲ့ဦးရေထဲက ဆယ်ရာခိုင်နှုန်းပြည့်အောင် တလေးတစားလာနားထောင်ကြရဲ့လား ၊ အဲဒီပွဲကိုပြပြီး ခင်ဗျားတို့အလှုခံစားမှာ ကျွန်တော်တို့သိနေပြီ ၊ ခင်ဗျားတို့ပြန်သွားပြီးရင် “အအေးလေးတလုံးနဲ့ အားနာပါးနာနားထောင်ပေးနေလိုက်ရတာ မတန်လိုက်တာဟယ် ၊ ဘာမှလဲဟုတ်တာမဟုတ်ဘူး ၊ သူတို့များဦးဆောင်ပြီးဝင်တိုက်မှာလားလို့၊ အလကားဟာတွေ” လို့ ပြောကျန်နေခဲ့ကြတာ ကြားနေရတဲ့ ခင်ဗျားတို့ကိုလေးစားခဲ့ဘူးတဲ့ကျွန်တော် ရှက်လိုက်တာဗျာ ၊ လာဟောပြောတဲ့ဆရာကြီးတွေကို ညဘက်ကျ ဖာရုံထဲဝင် သွားတာ ၊ အရက်ဆိုင်ကြီးတွေထဲကနေထွက်လာတာတွေ တွေ့ရတော့ ပိုဆိုးကုန်ရောပေါ့ ။
နလပိန်းတုံးတွေလို့ခင်ဗျားတို့ထင်နေတဲ့ ကျွန်တော်တို့အလုပ်သမားတွေက အားလုံးသိပါတယ်ဗျာ ၊ ကျွန်တော်တို့ပြည်သူတွေကိုဆက်အနိုင်ကျင့်ဘို့ သူတို့အာဏာ တည်မြဲဘို့ ရွေးကောက်ပွဲလုပ်မှာလဲသိပါတယ် ၊ အဲဒီရွေးကောက်ပွဲကိုဆန့်ကျင်သင့်တာလဲသိပါတယ် ၊ သံဃာသတ်ထားတာလဲသိပါတယ် ၊ သန်းရွှေအပါအ၀င် အာဏာရူးတွေပြုတ်မှ ကိုယ့်တိုင်းကိုယ့်ပြည်မှာ လုပ်ကိုင်စားနိုင်မှာလဲသိပါတယ် ၊ ခက်တာက ခင်ဗျားတို့ နိုင်ငံရေးသမား ၊တော်လှန်ရေးသမား နာမည်ခံထားသူ တွေက အကျင့်ကောင်းကောင်း လမ်းကြောင်းမှန်မှန်ဦးဆောင်ဘို့ပါပဲ ၊ ခင်ဗျားတို့အခန်းအနားတွေလုပ်တိုင်းဖွင့်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းလိုပေါ့ ၊ “ခင်ဗျားတို့ကိုယ်ကို စည်းကမ်းရှိကြဘို့ အခုထဲက စောက်ကျင့်တွေ အကျင့်ဆိုးတွေ ပြင်ကြဘို့လိုပီ”ဆိုတာမျိုး ခင်ဗျားတို့ပြန်ပြင်ရင် ရှစ်ဆယ့်ရှစ်လို ခင်ဗျားတို့ကို ထောက်ခံဘို့ ခင်ဗျားတို့နောက်ကလိုက်ပါဘို့ ကျွန်တော်တို့အသင့်ပါပဲ…။
စားကောင်းသောက်ဖွယ်တွေစားကာနီးတိုင်း ထောင်ထဲမှာအနေဆင်းရဲအစားဆင်းရဲဖြစ်နေမဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့မျက်နှာတွေ ၊ ငတ်မွတ်ခေါင်းပါးနေတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ဘ၀တွေ မြင်ယောင်ပါဗျာ ၊ ဖာရုံဘက်ကိုခြေမလှမ်းခင် ၊ အရက်ပုလင်းကိုမဖွင့်ခင် စစ်တပ်ရဲ့ရက်ရက်စက်စက်ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့မျက်နှာတွေ ၊ သူတို့သွေးနဲ့ရေးခဲ့ရတဲ့သမိုင်းတွေ မြင်ယောင်ပါဗျာ ၊ ကိုယ့်ကိုယ်ကိုယ်ဘာလဲ ၊ ဘာလုပ်မှာလဲ ၊ ပြန်စဉ်းစား ကြည့်ကြပါ ၊ ရှစ်ဆယ့်ရှစ်ကာလတွေကလို ခင်ဗျားတို့ကို ပြန်လေးစားပါရစေဗျာ….။
ကျွန်တော်တို့ကိုဦးဆောင်မှုပေးပါ ၊ ယုံကြည်လေးစားရလောက်တဲ့ နေထိုင်မှုတွေနဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ဦးဆောင်မှုပေးကြပါဗျာ…။
(မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး-မဲဆောက်)
Monday, August 16, 2010
ကဲ ...... မိမိကိုယ်မိမိ ဘာလဲဆိုတာကို စဉ်းစားလိုက်ကြပါ
Thursday, August 5, 2010
၈၈ တောခိုသူတွေက “ တိုင်းပြည်နဲ့လူမျိုးကို သစ္စာဖောက်ခဲ့တဲ့သူတွေ” လား
“ မျိုးချစ်မြန်မာ နိုင်ငံ နှင့် လူမျိုးအပေါ် သစ္စာဖေါက်ပြီ “
ကဲ …..
တိုင်းပြည်ကိုချစ်လှပါချည်ရဲ့ ဆိုပြီး မိုင်ထောင်ချီပြီး အဝေးကြီးကနေ တော်လှန်နေတဲ့ တော်လှန်ရေး သမားကြီးတို့ရေ
ပေါ်လစီကား တစ်ကားရိုက်ဖြစ်တဲ့ အခါမှာ ဘယ်ကနေ ဘယ်လို စပြီး ဘာတွေ ဘယ်သူတွေ ဘာကြောင့် ဘယ်လို ပါတ်သက်လာတယ် ပါဝင်လာတယ်ဆိုတဲ့ ဖြစ်ပွားပုံအဆင့်ဆင့်ကို မိတ်ဆွေတို့ ပြည်ပက နိုင်ငံရေးသမားကြီးတွေ သိကြပါရဲ့လား
မသိရင် နားထောင်ပါ ပြောပြပါ့မယ်
အစိုးရက အကြောင်းတစ်ခုခုကြောင့် ပြည်သူတွေကို စိတ်ဓါတ် စစ်ဆင်ရေး လုပ်ချင်တဲ့အခါ သို့ မဟုတ် သိမ်းသွင်းချင်တဲ့ အခါတိုင်းမှာ လူထုဆီ အပေါက်ရောက်ဆုံးဖြစ်တဲ့ ရုပ်ရှင်လောကကို အမြဲ အသုံးချလေ့ရှိပါတယ် ဒီတော့ သူတို့ လိုချင်တဲ့ အချက်တွေ Plot တွေကို အကျဉ်းချုပ်အနေနဲ့ ပြန်ကြားရေးဝန်ကြီးကို ခေါ်ပြီး Project အနေနဲ့ တာဝန်ပေးပါတယ်
ဒီနေရာမှာ ဟိုးတုန်းက မဆလ ခေတ်ထဲက နေ ခုထိ ဘာမှ မကွာခြားပေမယ့် အာဏာကိုသုံးပြီး အကျပ်ကိုင်မှုကတော့ နအဖ လက်ထက်မှာ ပိုမိုပြင်းထန်တင်းကျပ် လာခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးကလဲ ရုပ်ရှင် အစည်းအရုံးမှာ တာဝန်ရှိသူတွေကနေတဆင့် သူနဲ့လဲ ပုလဲနံပသင့်တဲ့သူ ဒါမှ မဟုတ် သူတို့ကို အမြဲ ဖားနေတဲ့သူ စစ် အတွေ့အကြုံရှိသူ ဒါရိုက်တာ တစ်ဦးဦး ကို ဆက်သွယ်ပြီး တာဝန်ပေးပါတယ်
ဒီ Process မှာ သူတို့ ရွေးနေကျလူတွေကတော့ နဲနဲလေး ပါဘဲ ဦးတင်သန်းဦး ဦးမြသန်းစံ တို့လို စစ်ဘက်နဲ့ မကင်းရာ မကင်းကြောင်းတွေကို သူတို့ ရွေးချယ်လေ့ရှိပါတယ် အခါအားလျော်စွာလဲ သူတို့ ကို လိုအပ်ချက် တစ်ခုကြောင့် ငွေရပေါက် အကြီး အကျယ် သို့မဟုတ် အခွင့်အရေး တစ်ခုခု တောင်းထားတဲ့ ဗိုက်နာနေတဲ့ ဒါရိုက်တာ ကိုလဲ ရွေးတတ်ပါတယ်။
ဒီနေရာမှာ တစ်ခု ပြောစရာရှိတာက အဲ့ဒိလို ကမ်းလှမ်းခံရတဲ့ ဒါရိုက်တာဟာ သူတို့ နဲ့ အဆင်ပြေတဲ့လူဆိုရင်တော့ သူတို့ သိပ် Push မလုပ်ပါဘူး ဘာလို့လဲ ဆိုတော့ ဒါရိုက်တာ က ပညာပေးသွားတဲ့ အတွေ့အကြုံတွေကို သူတို့ သဘောပေါက်ထားပါတယ်
ဥပမာ
ဟယ်လီကော့ပတာ ၂ စီးလောက်နဲ့ Over The Sky Shot တွေ အချိန်ကုန်ခံပြီးရိုက်တာမျိုး
တစ်ရက်ထဲနဲ့ ပြတ်ရမယ့် Scene ကို ၃ ၄ ၅ ရက်ကြာအောင် ဆွဲထားတာမျိုး
ဈေးအရမ်းကြီးတဲ့ ဟော်တယ်တွေ မှာ နေထိုင်တည်းခိုခနဲ့ အစားအသောက်စားရိတ် တွေကို ပုံမှန်ထက် ပိုများအောင် ရှုတင်မန်နေဂျာနဲ့ တမင် လုပ်ပစ်လိုက်တာမျိုးဆိုတာတွေ က ဘာမှ လဲ သေချာသက်သေပြလို့မရဘဲ အောင့်သက်သက်နဲ့ ခံလိုက်ရတာတွေ ဖြစ်ခဲ့ဖူးပါတယ်
ဒီတော့ တစ်ခါ မဆလခေတ် တုန်းက သူတို့က ပုတ်ပြတ်ဈေးနဲ့ ရိုက်ခိုင်းဖို့ ကြိုးစားကြည့်ပြန်တော့လဲ မအောင်မြင်ပြန်ပါဘူး
ဒါရိုက်တာက ငွေနဲ့ ပြန်မကလိရရင် အချိန်နဲ့ ပြန်ကိုင်တုတ်လို့ရပါတယ် အကြောင်းကြောင်းကြောင့် မကြိုက်လို့ ဘာကြောင့် ညာကြောင့် ပြန်ရိုက်ရမယ် ဆိုတာကို ပိပိရိရိ နဲ့ လုပ်လိုက်ရင် သူတို့ ပို စိတ်ညစ်ရပါတယ်
ဒါတွေကြောင့် သူတို့က ဒါရိုက်တာ ပိုင်းမှာတော့ သူတို့ကို ဖားတဲ့သူကိုဘဲ ခိုင်းချင်ပါတယ်
အဲ သရုပ်ဆောင်ပိုင်းမှာလဲ ထိုနည်းလည်းကောင်းပါဘဲ သူတို့ကို ပြန်မညစ်မယ့် ဖားနေတဲ့လူတွေ သူတို့ နိုင်စားလို့ရတဲ့သူတွေကိုဘဲ သူတို့ သုံးချင်ပါတယ်
ဒါပေမယ့် ဒါရိုက်တာ ပိုင်းမှာကတော့ အရွယ်အရ လူကြီးပိုင်းတွေက များတဲ့ အတွက် ခုတလောကျန်းမာရေး မကောင်းလို့ ဆရာဝန်က နားခိုင်းထားလို့ အမောဖေါက်ဖေါက်နေလို့ အဟွတ် အဟွတ် ဆိုပြီး လှလှလေးငြင်းလိုက်မယ်ဆိုရင် ငြင်းဖို့က ဖြစ်နိုင်ပါတယ်။
ကျွန်တော့် အဖိုး ဒါရိုက်တာ ဦးကြီးမြင့် ဆိုရင်လဲ မြန်မာ့အသံကနေလွှင့်ဖို့ ရဲအဖွဲ့ နှစ်ပါတ်လည်နေ့အတွက် ဆုံရပ်ကန္တာရဝတီ ဆိုတဲ့ကား နောက်ဆုံးရိုက်ပေးပြီးကထဲက အသက်ကြီးလာတာ အကြောင်းပြပြီး သူတို့ ခိုင်းလာတိုင်း အသာလေး ငြင်းခဲ့တာ ကွယ်လွန်သည်အထိပါဘဲ။
ဒီလိုမျိုး နေနေခဲ့ကြတဲ့ကြားထဲမှာတောင်မှ ဒါရိုက်တာ တစ်ချို့ဆင်ခြေမကောင်းဘဲ ငြင်းမိလို့ ရိပ်မိသွားတဲ့အခါ သူတို့ကို နောက် ထပ်ကားတွေမှာ ဇတ်လမ်းခွင့်ပြုချက်တင်တာကစပြီး ငြင်းပစ်တာမျိုး ဖလင်ခေတ်တုန်းက ဖလင်ပါ တော်တော်နဲ့ ချမပေးတာမျိုး အဆိုးဆုံးက အဲ့ဒိဒါရိုက်တာ ရိုက်တဲ့ကား ဘယ်လောက်ဘဲကောင်းကောင်း အကယ်ဒမီ ဆန်ကာတင်စာရင်းထဲမှာ မထည့်ရဘူး လို့ တားမြစ်လိုက်တာမျိုးတွေလုပ်တတ်ပါတယ်။
ကားရိုက်ပြီးတော့လဲ ဆင်ဆာတင်တဲ့ အခါ တမင်တကာညစ်ပြီး အရေးအကြီးဆုံး အခန်းတစ်ချို့ကို ဘာမှ မဆိုင်တဲ့ ကိစ္စတွေ ဥပမာ မင်းသမီး လည်ပင်းဟိုက်တယ်
မင်းသားက နိုင်ငံခြားစာတွေပါတဲ့ တီရှပ်ဝတ်ထားတယ်
Background နံရံပေါ်က အရုပ်က သရုပ်ပျက်တယ်
ဒီ Scene ထဲက အနောက်မှာ တီးထားတဲ့ တီးလုံးက မြန်မာသံစဉ်ကို အနောက်တိုင်းတူရိယာ နဲ့ တီးထားတယ်
ဘာညာပေါ့ဗျာ ( မှတ်ချက်။ ။ ဒါတွေ အထူးသဖြင့် သားစိုး အသိဆုံးပါ မေးကြည့်ကြပါ )
ဒါမျိုးတွေ ကျွန်တော့် မိတ်ဆွေ နိုင်ငံရေးသမားတို့ ကြုံဖူးမှာလဲ မဟုတ်ပါဘူး
ခံစားတတ်မယ်လဲ မထင်ပါဘူး
မိတ်ဆွေတို့က တနေ့တနေ့ ဝေဖန်ရေးဆရာ တဖြစ်လဲ “ အဆိုးမြင် နိုင်ငံရေးမူဝါဒ “ ကိုဘဲ ကျင့်သုံးနေကြတာကိုး
သရုပ်ဆောင်ပိုင်း မှာကျတော့ တော်တော်များများက ဒါရိုက်တာတွေ ထက် အသက်ကလဲ ငယ်တော့ ကျန်းမာရေးနဲ့ ဘယ်လိုမှ ဆင်ခြေပေးလို့မရပါဘူး
ဗီဒီယိုတွေ ကျ တစ်လ ၃ ၄ ကားရိုက်နေတဲ့ ခေတ်မှာ သူတို့ကားရိုက်ဖို့ တစ်ပါတ် လောက်ကို ကျတော့ ငြင်းမယ်ဆိုရင် လူမှုရေးအရလဲ ခက်သလို ကိုယ့်ကို ဒီတစ်ခါ ငြင်းထားမိလို့ အမျက်တော်ရှပြီး ပြန်ဆော်မယ့် အကွက်တွေကိုပါ ကြောက်ရပါတယ်
သရုပ်ဆောင်တွေ ကျတော့ သူတို့ငြှိုးတေးထားတဲ့ သူနဲ့ ရိုက်မယ် ဆိုတာနဲ့ ဇတ်လမ်းကနေ စပြီး ပိတ်တာလဲ ရှိသလို သူတို့နဲ့ တိုက်ရိုက် ငြိလိုက်မိလို့ ရုပ်ရှင် ရိုက်ကူးခွင့်ပါ ဘလိုင်းကြီး အပိတ်ခံလိုက်ရတဲ့သူတွေ အများကြီး ရှိပါတယ်
( တခြားမကြည့်ပါနဲ့ ဦးမောင် ( ကိုကျော်သူ ) အသိဆုံးပါ )
ဒီနေရာမှာ မိတ်ဆွေတို့ သိထားဖို့ လိုတာတစ်ခုက အနုပညာသမားတစ်ယောက် အဖို့ အနုပညာ နဲ့ လုပ်စားခွင့်ကို ပိတ်ပင်ခံလိုက်ရတာဟာ ထမင်းအိုးကွဲတာ တစ်ခုတင် မဟုတ်ပါဘူး ကိုယ့် လက်တွေ ခြေတွေ လျှာတွေကို ဖြတ်ပစ်ပြီး မျက်စေ့တွေ ထိုးအဖေါက်ခံလိုက်ရသလိုပါဘဲ ဒိထက်ဆိုးတဲ့ အပြစ်ပေးခြင်းခံရတာ မရှိပါဘူး
နဂိုထဲက ပိုက်ဆံချမ်းသာလို့ ဝင်ငွေ ရပ်တန့်သွားတာက အကြောင်းမဟုတ်လဲ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို လုပ်ခွင့်မရှိတော့တာဟာ ငွေနဲ့လဲဝယ်ပြီး အစားထိုးလို့မရတဲ့ ဆုံးရှုံးမှု တစ်ခုဆိုတာ အနုပညာသမားတိုင်း တူညီစွာ နားလည်ထားပြီးသားပါ။
ဒါကို သိတဲ့ အစိုးရကလဲ အနုပညာသမားတွေရဲ့ Weak Point ကို အမြဲ အညှာကိုင်ပြီး ပညာပေးလေ့ရှိပါတယ်
ဒီတော့ ဘယ် ရုပ်ရှင် ၊ ဂီတ ၊ စာပေ ၊ သဘင် အနုပညာသမား မှ အစိုးရ နဲ့ တိုက်ရိုက် မငြိချင် မငြိရဲ ကြပါဘူး
ဒါဟာ လူသားတစ်ယောက်မှာ ဖြစ်သင့်တဲ့ လူသားပီသတဲ့ ကြောက်ရွံ့မှု တစ်ခုအပြင် အခြေအနေရဲ့ ဖန်တီးမှုအရ လိုအပ်စွာ ဖြစ်လာတဲ့ အနုပညာသမားတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှု တစ်ခုဖြစ်ပါတယ်။
နောက်တစ်ချက်က ပေါ်လစီကား ရိုက်ရတာကို သရုပ်ဆောင်တွေ ကိုယ်တိုင်ကရော ကျေနပ်နေကြတယ် ထင်ပါသလား။
နာမည်ကြီးကြီး မကြီးကြီး Actor တွေတိုင်းဟာ လူထဲက လူတွေပါဘဲ လူတွေလိုဘဲ တွေးပြီး လူတွေလိုဘဲ ခံစားတတ်ကြပါတယ်
ပထမတစ်ချက်က ဒီလိုကားတွေရိုက်ရင် ပြည်သူတွေ ပရိသတ်တွေ ဝေဖန်ကြမယ် ပျက်ရယ်ပြုခံရမယ် ဆိုတာနဲ့
အခုလိုဘဲ ပြည်ပ နိုင်ငံရေးသမား သူရဲကောင်းကြီးတွေက လေလုံး မိုးလုံး တွေနဲ့ ၂ ပြားမတန်အောင် ရှုံ့ချတာ ခံရမယ် ဆိုတာ အင်တာနက် ကို အားလုံး သုံးနေနိုင်တဲ့ ခေတ်ကြီးထဲမှာ သရုပ်ဆောင်တွေ အားလုံး သိပြီးသားပါ
ဒုတိယ တစ်ချက်က အစိုးရက မင်းသားမင်းသမီးတွေကို ပိုက်ဆံကျတော့လဲ အပြင်မှာ ကားရိုက်တဲ့ကြေးမျိုးလဲ မပေးပါဘူး
သူတို့ရိုက်ချင်တဲ့ ရက် ကို အတင်း ညှိခိုင်းပြီဆို လက်ခံပြီးသားတခြားကားတွေကို ပြန်ရက်ချိန်းရပါတယ်
ဒီတော့ တစ်ချို့ကားရိုက်တွေ ဆို လက်လွှတ်လိုက်ရတာမျိုးတွေ ရှိပါတယ်
သရုပ်ဆောင်ခကျတော့လဲ အစိုးရ က မုန့်ဖိုးလောက်တောင် ပေးတာ မဟုတ်ပါဘူး အဲ့လို ပေးတာ မကျေနပ်လို့လဲ ဘယ်သူမှ တိုးပြီး မတောင်းရဲပါဘူး
ရိုက်ပေးဖို့တောင် မငြင်းရဲတဲ့ဟာကိုး
ဒီတော့ ငွေရေးကြေးရေးအရ လဲ သရုပ်ဆောင်တွေမှာ နစ်နာ စရာဘဲ ရှိပါတယ်
ဒါ့ကြောင့် ပေါ်လစီကားတွေ မှာ သရုပ်ဆောင်တွေရဲ့ အမူအရာတွေကို သေချာ လေ့လာကြည့်ပါ
အမြဲ ပေါ့ပျက်ပျက် စိတ်မပါတပါ နဲ့ ပြီးစလွယ် သရုပ်ဆောင်ထားကြတာကို ကျွန်တော်တို့ အသိုင်းအဝိုင်းက လူအချင်းချင်း သိကြပါတယ်။
ဒီတော့ ကိုယ့်အတွက် စီးပွားရေး အရလဲ အကျိုးမရှိ
အနုပညာအရလဲ ဘယ်တော့မှ မှတ်ကျောက်တင်ခံရမှာ မဟုတ်
ကံမကောင်းရင် လူပါ အမုန်းခံရမယ့် ပေါ်လစီကား ရိုက်တဲ့အလုပ်ကို စိတ်မှန်တဲ့ သရုပ်ဆောင်တိုင်း လုံးဝ မလုပ်ချင်ကြပါဘူး။
ဒါပေမယ့် ငြင်းလို့ကလဲ မရအောင် By Force နဲ့ အမိန့်ပေးသလို ခိုင်းလာတဲ့ကိစ္စဖြစ်နေတာရယ်
ငြင်းလိုက်မိလို့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက ကိုယ့် ဘဝတစ်ခုလုံး ထိခိုက်သွားနိုင်တဲ့အခါ မလုပ်ချင်တဲ့ အလုပ်ကို အောင့်အည်းပြီး မြန်မြန်ပြီး ပြီးတာဘဲ ဆိုပြီး လုပ်ပေးလိုက်ကြရတာပါဘဲ။
ကျွန်တော်ခုပြောနေတာက သရုပ်ဆောင်အများစုရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်မှန်တွေပါ
ဒါပေမယ့် ပေါ့လေ သရုပ်ဆောင်တိုင်းက တစ်စိတ်ထဲ တစ်ဝမ်းထဲ တော့မဟုတ်ပါဘူး
စုန်းပြူးဆိုတာ အလွှာမျိုးစုံမှာ ရှိပါတယ်
ဘယ်တော့မဆို အခြေအနေ ကိုကြည့်ပြီး သာတဲ့ဘက်ပြေးကပ်တတ်တဲ့ ဆိတ်ဟိုဒင်း လို သာယာစား တဲ့ လူတွေလဲ မရှိဘူး မဟုတ်ဘူး ရှိပါတယ်
အဲ့ဒါတွေကလဲ အကြောက်လွန်တာရယ် ဆင်းရဲငတ်မွတ်မှုရယ် ၂ ခုကြောင့် ဖြစ်လာရတဲ့ ညံ့ဖျင်းတဲ့ အမူအကျင့်တွေပါ
ဒီလို စာရိတ္တ ယိုယွင်းမှုတွေ အစိုးရဝန်ထမ်းတွေ မှာလဲ လူတိုင်းလောက် နီးနီး ဖြစ်နေကြရတာ ဘယ်သူ့ကြောင့် ဆိုတာ ကျွန်တော် ထပ်ရှင်း မပြတော့ပါဘူး။
ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီလို သာယာစား တွေ ဖေါ်လံဖား အနုပညာ မျက်နှာဖုံးစွပ်ပြီး ရိုက်စားလုပ်တဲ့သူတွေ လက်တစ်ဆုပ်စာကို တိုက်ခိုက်ချင်တာနဲ့ လွှဲရှောင်လို့မရတဲ့ ကျန်တဲ့ လူတွေအားလုံးကိုပါ ဝါးလုံးမစင်သုတ်ပြီး ရမ်းတာကတော့ ပညာမဲ့တဲ့ တစ်ဖက်သတ်ကျလွန်းတဲ့ အယူအဆတစ်ခုပါဘဲ
ပိုဆိုးတာက ဒီလိုဝေဖန်နေတဲ့ သူတွေကိုကြည့်လိုက်ပြန်တော့လဲ ပြည်တွင်းမှာနေထိုင်ရင်း အစိုးရရဲ့ ဓါးသွားအောက်မှာ အသက်အောင့်ပြီးလျှောက်လှမ်းနေရတဲ့ သူတွေ တစ်ယောက်မှမရှိပါဘူး
ပြည်ပမှာ တိုင်းတပါးက နိုင်ငံရေးကြောင့်ပေးထားတဲ့ အခွင့်အရေးမှန်သမျှ ရယူထားပြီးသား ၊
မြန်မာပြည် အစိုးရရဲ့ လက်လှမ်းမမှီတဲ့ Remote Country တွေမှာ နေထိုင်နေတဲ့သူတွေချည်းပါဘဲ
ဒီတော့ အဲ့ဒိလိုလူတွေ ထထအော်တိုင်း ကျွန်တော်မကြိုက်တာ တစ်ခုက သူတို့ကိုယ်တိုင်လဲ ဒီအစိုးရကိုကြောက်လို့ တခြားနိုင်ငံတွေမှာတောင် အဝေးကြီးလာနေနေပြီးတော့ ပြည်တွင်းက အနုပညာသမားတွေလို အစိုးရနဲ့ ပဝါတစ်ကမ်း လက်တစ်လှမ်းကနေ အရိပ်ကြည့်ကနေရတဲ့ သူတွေကို ထစ်ခဏဲရှိ သတ္တိမရှိသူတွေ ပြည်သူကိုသစ္စာဖေါက်သူတွေ ၈ လေးလုံး ကိုသစ္စာဖေါက်သူတွေ ဆိုပြီး အမည်စုံတပ်နေတာ လုံးဝ မှားယွင်းနေပါတယ်။
နောက်ကျောကို ဓါးနဲ့ထောက်ပြီးဓါးစာခံ အလုပ်ခံနေရတဲ့သူ တစ်ယောက်ကို စစ်မြေပြင်မှာတောင် ပစ်ခွင့်မရှိပါဘူး
ကျွန်တော်တို့ အနုပညာသမားတွေကိုလဲ ဒီလိုဘဲ အာဏာ ဆိုတဲ့ဓါးနဲ့ထောက်ပြီး
ဓါးစာခံခိုင်းနေတာ သိရက်နဲ့ ပစ်လိုက်တဲ့ စွဲချက်မြှားတွေမှာ မိတ်ဆွေတို့ရဲ့ တယူသန်ဆန်တဲ့ အတ္တရဲ့အဆိပ်တွေ စွန်းထင်းနေပါတယ်
အဲ့ဒိလုပ်ရပ်က ဘာနဲ့တူသလဲ ဆိုတော့ မျက်စေ့ရှေ့မှာ လူတစ်ယောက် ရေနစ်နေတာကို လူတွေဝိုင်းပြီး ကြည့်နေတဲ့အထဲက လူတစ်ယောက်က ကျန်တဲ့ သူတွေကို
“ ဆင်းကယ်ကြပါတော့လား ခင်ဗျားတို့ လူစိတ်မရှိဘူးလား ဒီလိုဘဲ ကြည့်နေကြတော့မှာလား “ ဆိုပြီး
သူကိုယ်တိုင်ကြတော့ ဆင်းမဆယ်ဘဲနဲ့ ရပ်ကြည့်နေသူအချင်းချင်းပြန်ပြီး အပြစ်တင်ဝေဖန်နေတာနဲ့ တူနေပါတယ် ဒါဟာ တကယ်တမ်းဆို ရှက်ဖို့ကောင်းပါတယ်
ကျွန်တော် ငတုံးပါ နိုင်ငံရေးလဲ နားမလည်ပါဘူး
ကျွန်တော် ငကြောက်ပါ စစ်လဲ မတိုက်ရဲပါဘူး အသေလဲ မခံရဲ အသားလဲ အနာမခံရဲ ထောင်ကျလဲ မခံရဲပါဘူး
သတ္တိလဲမရှိပါဘူး ရန်ဖြစ်ရမှာလဲကြောက်ပါတယ် သွေးမြင်တောင်ခေါင်းမူးပါတယ်
ဒါပေမယ့် ကျွန်တော် မကြောက်တာ တွေလဲရှိပါတယ်
အမှန်တရားကိုရင်ဆိုင်ဖို့
အမှန်တရားဘက်က ရှေ့နေလိုက်ဖို့
အနုပညာလောကကို ကာကွယ်ဖို့ တွေပေါ့
အနုပညာသမားတွေကို ကာကွယ်ဖို့ ကျွန်တော် ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး
ဒီတော့ ကျွန်တော် တစ်ခုပြန်တွေးမိလာပါတယ်
တောခို ကျောင်းသား ၊ ၈၈ ကျောင်းသား ၊ တော်လှန်ရေးသမားဆိုတဲ့ လူတွေ အကြောင်း ပေါ့
ကျွန်တော် နားလည်ထားတဲ့ တော်လှန်ရေးသမား နိုင်ငံရေးသမား စစ်စစ်ဆိုတာ နေရာ (၂) ခုထဲမှာဘဲ ရှိပါတယ်
ပထမ တစ်မျိုးက မြန်မာပြည်က ထောင်တွေထဲမှာပါ
ကိုသူရ တို့ ကိုမင်းကိုနိုင် …… တို့လို ထောင်ဆိုတာ ဂျိုနဲ့လားဟေ့ဆိုတဲ့ ရဲရဲတောက် အာဂလူတွေပါ
ဒုတိယ တစ်မျိုးက မြန်မာပြည်နယ်စပ်က တောအုပ်တွေထဲမှာ
အစာရေစာ ငတ်တစ်လှည့် ပြတ်တစ်လှည့် နဲ့ ခြေပြတ် ပေါင်ပြတ် ဘဝနဲ့ ငှက်ဖျား ဆိုတာ ဂျိုနဲ့လားဟေ့ ဆိုပြီး ငါမသေသေးသ၍ တိုင်းပြည်မှာ လူ့အခွင့်အရေး မရသေးသ၍ ဒီ အစိုးရကို ဦးမညွတ်ဘူး ဆိုတဲ့ စိတ်နဲ့ လက်နက် ကိုင်တော်လှန်နေတဲ့ သူတွေပါ
အဲ့ဒိ လူတွေ နှစ်မျိုးလုံးကို ကျွန်တော် အရမ်းလေးစားပါတယ် ဆိုတာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောပါရစေ
အဲ ကျန်တဲ့ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ တော်လှန်ရေးသမားပါ ဆိုတဲ့ သူတွေ အားလုံးဟာ တနည်းနည်းနဲ့တော့ ဒီ ဒုက္ခ နှစ်ခုလုံးကို မခံနိုင်လို့ မခံရဲလို့ ကိုယ်လွတ်ရုံးထွက်ခဲ့တဲ့သူတွေချည်းပါဘဲ
ပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင် ၈၈ တုန်းက တောခိုခဲ့တဲ့သူတွေထဲက တစ်ချို့ဟာ နိုင်ငံရေးတကယ် လုပ်ခဲ့တဲ့သူတွေ အနစ်နာခံခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေ မဟုတ်ပါဘူး
လူငယ်တွေ တော်တော်များများဟာလဲ သူတို့ မွေးဖွားလာကထဲက ပါတ်ဝန်းကျင် မိဘဆွေမျိုး အသိုင်းအဝိုင်းမှာ ဘဝရဲ့ အမောနဲ့ ကျပ်တည်းမှု မကြည်ဖြူမှု ငြူစူမှုတွေ လောကဓံ ရဲ့ ရိုက်ခတ်မှုတွေ တွေကြား မှာ အလူးအလဲ ပင့်သက်ရှိုက်ခဲ့ရတဲ့သူတွေ ဖြစ်ခဲ့ရတော့ အဲ့ဒိတုန်းက ၈၈ အရေးအခင်းကို ခုတုန်းလုပ်ပြီး နိုင်ငံရေး ခိုလှုံခွင့် ရရင် နိုင်ငံခြားကို ပိုက် ဆံ မကုန်ဘဲ သွားလို့ရမယ် ဆိုပြီး တောခိုတယ်ဆိုတာကို ယတြာချေသလို လုပ်ခဲ့တဲ့သူတွေ မနည်းဘူးဆိုတာ အဲ့ဒိတုန်းက လူတွေ အားလုံး ကျွန်တော့်ကိုပြောပြဖူးပါတယ် ကျွန်တော်ပြောနေတာ တောခိုခဲ့တဲ့ကျောင်းသားတွေထဲက ကျွန်တော့် သူငယ်ချင်းတွေ တော်တော်များများ ပြန်ပြောပြခဲ့တဲ့ စကားတွေပါ။
အဲ့ဒိလို တိုင်းပြည်ကနေ အစိုးရလက်အောက်က ရတဲ့နည်းနဲ့ ရုန်းထွက်ခဲ့တဲ့သူတွေကိုလဲ ကျွန်တော်က အပြစ်တင်နေတာ မဟုတ်ပါဘူး
ဘာလို့လဲ ဆိုတော့ အဲ့ဒိထဲမှာ ကျွန်တော်မပါခဲ့ဘူး အဲ့ဒိလိုတော့ ၈၈ ကို ခုတုံး မလုပ်ခဲ့ဘူး ဆိုပေမယ့်
အစိုးရ ကိုကြောက်လို့ ထောင်ထဲမှာ ပြန်နေရမှာကြောက်လို့ အမေရိကားကို Passport နဲ့ Visa နဲ့ လူလိုသူလို ရောက်လာခဲ့ရတဲ့အတွက် ကျွန်တော် လဲ Coward ( သူရဲဘော နည်းတဲ့ ကောင် ) တစ်ကောင်ဆိုတာ ဝန်ခံပါတယ်။
ဒီတော့ ခု ဖြစ်နေတဲ့ ကိစ္စမှာ နိုင်ငံရေးသမားဆိုတဲ့သူတွေ အသံကောင်းဟစ်နေတဲ့ ပုံစံက
“ ကျုပ်တို့ကတော့ ထောင်ထဲမနေရဲလို့ အစိုးရကို ကြောက်လို့ ပြည်ပမှာ တရားဝင် ခိုလှုံခွင့်တောင်းပြီး နေနေတာ
ကျုပ်တို့မှာ အစိုးရကို ကြောက်ပိုင်ခွင့်ရှိတယ်
ခင်ဗျား တို့ကတော့ အစိုးရနဲ့ တမြေထဲ နေနေရပေမယ့် ခင်ဗျားတို့ မှာ ကြောက်ခွင့်မရှိဘူး
အစိုးရ ခိုင်းတာကို ငြင်းရဲရမယ် ဖီဆန်ရဲရမယ် တော်လှန်ရဲရမယ် ထောင်ချလဲ ခံရဲရမယ် ဘဝပျက်တာလဲ ခံရဲရမယ်
ဒီလိုမှ မလုပ်ရင်တော့ ခင်ဗျားတို့အားလုံးဟာ အစိုးရကိုထောက်ခံတဲ့ သူတွေ
ထမင်းရှင် ပြည်သူတွေကို သစ္စာဖေါက်တဲ့ အနုပညာသမားတွေ သတ္တိမရှိတဲ့ သူတွေ “ လို့ ပြောနေသလိုပါဘဲ။
ဒါဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ တစ်ဖက်သတ်ဆန်လွန်းတဲ့ စွပ်စွဲချက်တစ်ခုပါဘဲ
ကျွန်တော်ပြောတာ လိုသလား ပိုသလား သေချာစဉ်းစားကြည့်ကြပါ။
ဒီ နိုင်ငံရေးသမားဆိုတဲ့ သူတွေဟာ ကိုယ့်အချင်းချင်းလဲ တည့်အောင်မပေါင်းနိုင်ကြဘူး အချင်းချင်း လှည့်ပါတ် ခွပ်နေကြတယ် လစ်တာနဲ့ သူများနောက်ကျောကို ဓါးနဲ့ ထိုးနေကြတယ်။
ဒါပေမယ့် နိုင်ငံရေး သမား မဟုတ်တဲ့သူတစ်ယောက်ယောက်က နိုင်ငံရေးသမား တစ်ယောက်ယောက်ကို အမှန်အတိုင်း နဲနဲလေးဝေဖန်မိလိုက်တာနဲ့ ကျီးကန်းတွေလို ဝိုင်းအာ ဝိုင်းဆိတ်ကြတယ်။
ဒါဟာ ဖြစ်သင့်တဲ့ နည်းလမ်းကျတဲ့ ပုံမှန်တဲ့ စည်းလုံးညီညွတ်မှု မဟုတ်ပါဘူး
နောက်ပြီး တစ်စုံတစ်ယောက်နဲ့ နိုင်ငံရေးဖြစ်စေ လူမှုရေးဖြစ်စေ သဘောထားကွဲလွဲတဲ့ အခါတိုင်း
“ ငါ နဲ့ မတူ ငါ့ ရန်သူ “ ဆိုတဲ့ မတရားတဲ့ မူကြီး ကို လက်ကိုင်ကျင့်သုံးနေကြတယ်
သူ့အမြင် ကိုယ့် အမြင် ဆိုတာမျိုး နှစ်ဖက်မျှ တွေးပေးတဲ့စိတ်
ကိုယ်ချင်းစာပေးတဲ့ ရင့်ကျက်တဲ့ ပညာရှိ စိတ်မျိုး မမွေးနိုင်ကြဘူး။
အဆိုးဆုံး တစ်ခုကတော့ ပြည်တွင်းမှာ ပြည်သူတွေတကယ်တမ်းပြဿနာ ကြုံလာပြီဆိုရင် နိုင်ငံရေးသမားများ အားလုံး တက်ညီလက်ညီနဲ့ အစိုးရကို အပြစ်တင်တဲ့ Statement တွေ တစ်ခုပြီးတစ်ခု တစ်ဖွဲ့ပြီးတစ်ဖွဲ့ မမောနိုင်မပန်းနိုင် လှိမ့်လှိမ့်ပြီးထုတ်ယုံ အသံကောင်းဟစ်ယုံကလွဲပြီး တစ်ကယ်တမ်းကျတော့ သူတို့ကိုယ်တိုင်လဲ ပြည်သူတွေကို လက်တွေ့ကျကျ ဘာအကူအညီမှ ပေးနိုင်တာလဲ မဟုတ်ဘူး။
တကယ်တမ်း လိုအပ်လာတော့ ပြည်သူတွေ ဒုက္ခ ကို ပြည်သူတွေ နဲ့ နိုင်ငံရေးသမား မဟုတ်တဲ့ သူတွေကဘဲ လက်တွေ့ ဝိုင်းဝန်းဖြေရှင်းသွားရတာချည်းပါဘဲ။
နာဂစ် မုန်တိုင်းတိုက်တုန်းကလဲ ဒီလိုပါဘဲ…
လောလောလတ်လတ်ဖြစ်သွားတဲ့ ရေပြတ်လပ်မှုတုန်းကလဲ ဒီတိုင်းပါဘဲ…
မယုံရင် အဲ့ဒိ 2007 နဲ့ 2010 ပြက္ကဒိန်တွေရဲ့ နေ့စွဲ အလိုက် အင်တာနက်မှာ ပြန်ရှာဖတ်ကြည့်ပါ
နိုင်ငံရေးသမားတွေ အကြိမ်ကြိမ်ထုတ်ထားတဲ့ Statement တွေ ဖေါဖေါသီသီကြီးတွေ့ပါလိမ့်မယ်။
ဒါပေမယ့် အဲ့ဒိလူတွေ လှူထားတဲ့ အလှူခံဖြတ်ပိုင်းဆိုတာမျိုးတော့ တစ်ရွက်တလေ တွေ့ရင်တောင် ကံကောင်းတယ် မှတ်ပါ။
ဒါဟာ နိုင်ငံရေးသမား ဆိုတဲ့သူတွေတော်တော်များများဟာ အပြောများပြီး အလုပ်နည်းနေတယ်ဆိုတာကို သက်သေပြနေပါတယ်။
အဆိုးဆုံး Attitude တစ်ခုကတော့ သူတို့ တောင်းဆိုတာကို ဘယ်လောက်ဘဲ ဖြည့်ဆည်းပေးခဲ့ ပေးခဲ့ တစ်ခါလေး အကြောင်းတစ်စုံတစ်ရာကြောင့် မလိုက်လျောလိုက်မိတာနဲ့ ချက်ခြင်းကို “ ပြည်သူ တိုင်းပြည် အမျိုးသားရေး “ ဆိုတာမျိုး စကားလုံးအကြီးကြီးတွေနဲ့ ရန်သူကြီးတွေလို ထပြီး ရန်လုပ်တတ်ကြတယ်။
ဒီလိုလုပ်တာတွေက များလွန်းလာတော့ တော်ယုံလူတွေကလဲ နိုင်ငံရေးသမားဆိုရင် ဝေးဝေးကရှောင်ချင်လာတာ မဆန်းဘူးလေ။
ခုချိန်ထိ စစ်အစိုးရကို နိုင်ငံရေးအရ ရှုံးနိမ့်နေတာလဲ ဒီလိုအမူအကျင့်တွေကြောင့်က အဓိကပါဘဲ
တကယ်တမ်းက နိုင်ငံ့ခေါင်းဆောင်လုပ်မယ့်သူဆိုတာ ပညာတတ်တာ မတတ်တာထက်
အဓိကက လူမှုရေးကျွမ်းကျင်ရမယ် လူတစ်ဖက်သားကို ကိုယ့်ကို လေးစားရိုသေ ချစ်ခင် လာအောင် အပြောရော အလုပ်နဲ့ပါ ဆွဲဆောင်နိုင်စွမ်းရှိရမယ်
ဒီလို အရည်အချင်းတွေ အမေစု ဆီမှာ အပြည့်ရှိတယ် ဒါကြောင့်လဲ သူ့ကို အစိုးရက လူတွေ နဲ့ ပြန်တွေ့ခွင့် မပေးချင်တော့တာလဲ အားလုံးအသိပါဘဲ။
ခုတော့ နိုင်ငံရေးသမား ဆိုရင် လူတွေ လေးစားချစ်ခင် ဖို့ မပြောနဲ့ တစ်ချို့ဆို ပွဲတွေလမ်းတွေမှာတွေ့ရင် အရောတဝင် မေးထူးခေါ်ပြော လောက်တောင် မလုပ်ချင်တော့တဲ့အထိ ဖြစ်သွားကြတယ်။
အဲ့ဒါဟာ သူတို့ ဘယ်လောက်ထိ လူမှုရေးညံ့ဖျင်းတယ်ဆိုတာ ပြနေတာဘဲ။
ဒီလို အဆိုးမြင်၊ အတ္တကြီး၊ တစ်ဘက်သတ်ဆန်တဲ့သူတွေက ဘယ်လိုလုပ်ပြီး တိုင်းပြည် နဲ့ လူထုကို တရားမျှတစွာ အုပ်ချုပ်နိုင်မှာလဲ။
ဒီလိုလူတွေ အာဏာရသွားရင် ခုလက်ရှိ အစိုးရထက်တောင် ဆိုးဦးမယ်လို့ဘဲ ယူဆစရာဖြစ်နေပါတယ်။
တကယ်တမ်းက မြန်မာပြည်မှာ နိုင်ငံရေးခံယူချက်နဲ့ ပါတ်သက်ပြီး လူသား (၃) မျိုးဘဲ ရှိပါတယ်
(၁) အမာခံ အစိုးရဘက်တော်သား
အစိုးရ အဖွဲ့ဝင် စစ်ဘက်ဆိုင်ရာ များ နဲ့ သူတို့ရဲ့ မိသားစုတွေ
အစိုးရနဲ့ ပါတ်သက်ဆက်နွယ်ပြီး ကြီးပွားချမ်းသာရင်း အစိုးရလူလုံးလုံးကြီးဖြစ်သွားသူတွေ စသည်ဖြင့်ပေါ့ဗျာ။
(၂) အစိုးရ ကို ဆန့်ကျင်တော်လှန်နေသူ ( ဒီမိုကရေစီ မြတ်နိုးသူများ )
ဒါကတော့ လက်ရှိပြည်တွင်းမှာဘဲ တရားဝင်နေထိုင်နေရင်း အစိုးရမတရားလုပ်သမျှကို ငုံ့ခံမနေဘဲ ထောင်ကျကျ ဘာကျကျ ဆိုပြီး ရဲရဲကြီး တော်လှန်နေတဲ့ ကိုသူရတို့ ကိုမင်းကိုနိုင်တို့ နောက်ပြီး NLD အဖွဲ့ဝင် လူကြီး လူငယ်တွေ တစ်ချို့နဲ့ အခြားအခြားသော မြေပေါ်မြေအောက် တော်လှန်ရေး အဖွဲ့အစည်းလေးတွေ စသည်ဖြင့်ပေါ့။
(၃) နိုင်ငံရေးဆိုတာကို လုံးဝ စိတ်မဝင်စား မပါတ်သက်ချင်သူ ( Neutral )
တစ်ချို့က နိုင်ငံရေးဆိုတာကို စိတ်ဝင်စားချင်သော်လည်း ပြဿနာတက်မှာကြောက်တာရယ် ကိုယ့် မိသားစု စားဝတ်နေရေးက ပို အရေးကြီးနေ ၊ ခက်ခဲနေတဲ့ အတွက် ဘယ်ဘက်မှ ဝင်မပါဘဲ အသာငြိမ်နေသူတွေ ဖြစ်ပါတယ်။
ကဲ…
နိုင်ငံ့ခေါင်းဆောင် လုပ်မယ့် တော်လှန်ရေးဂုရုကြီး ဆိုသူတွေအတွက် ဒီလူ ၃ မျိုးကို သေချာ နားလည်ရမှာက…..
နံပါတ် (၁) လူတွေဟာ ကိုယ့်ဘက်ကို ဘယ်တော့မှ ပါလာဖို့ မလွယ်တော့အောင်ကို အစိုးရက ငွေနဲ့ ချော့ အာဏာနဲ့ ခြောက်ထား တဲ့ Brain Washed လုပ်ပြီးသား Permanently Programmed Beings လို့ ခေါ်လို့ရသူတွေပါ
ဒီလူတွေကို သွားစည်းရုံးနေလို့ ကျွဲပါးစောင်းတီး ဖြစ်ယုံ အချိန်ကုန် လူပန်းယုံဘဲ ရှိမှာပါ
မြန်မာပြည်လူဦးရေရဲ့ ( ၁၅ ) ရာခိုင်နှုန်းလောက်ရှိတယ် ဆိုပါတော့
နံပါတ် (၂) လို လူတွေက အင်မတန် လေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေပါ
ဒါပေမယ့် ခက်တာက အစထဲက အဲ့ဒိလိုလူတွေက ကျွန်တော်တို့တိုင်းပြည်မှာ အင်မတန်နည်းပါးတဲ့ လက်တစ်ဆုပ်စာတောင် မရှိတဲ့ အရေအတွက်လေးလောက်ဘဲရှိပါတယ် ဒီ့အပြင် အဲ့လိုလူတွေထဲမှာမှ လှုပ်နိုင်ရှားနိုင် လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေ အားလုံးနီးနီးက ထောင်ထဲမှာကိုး ၊
ထောင်ပြင်မှာ ပြန်လွှတ်ထားတဲ့ သူတွေကြတော့လဲ ကိုယ်တိုင်တောင် လှုပ်လိလှုပ်လဲ့ နဲ့ စိတ်ဓါတ်ကလေးနဲ့ဘဲ တင်းခံထားရတဲ့ ဇရာထောင်းစပြုနေတဲ့လူကြီးပိုင်းတွေ ဆိုတော့ လူငယ်တွေက သူတို့ကို လေးစားလိုက်နာပေမယ့်လို့ လူကြီးတွေက အစိုးရနဲ့ ခွန်အားပြိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အရွယ်တွေ ရောက်နေပြီလေ။
မြန်မာပြည်လူဦးရေရဲ့ ( ၀.၀၀၀၀၀၀၁ရာခိုင်နှုန်း ) လောက်ဘဲရှိပါလိမ့်မယ်
နံပါတ် (၂) လိုလူတွေကို အစိုးရက လှောင်ချိုင့်ထဲက ငှက်ကလေးတွေလို အပိုင်ချည်တုပ်ချုပ်နှောင်ထားတဲ့အပြင်
နောက်ပေါ်လာမယ့် ဒီလူတွေခြေရာလိုက်နင်းမယ့် လူငယ်တွေ ကြောက်တတ်အောင် လဲ မှတ်လောက်သားလောက် အောင် ဆုံးမပြထားခြင်းနဲ့ ခြောက်လှန့်ထားပြီးသားပါ။
နံပါတ် (၃) လိုလူတွေကသာတိုင်းပြည်ရဲ့ အဓိက အရေးအကြီးဆုံးလူတွေဖြစ်ပါတယ်
သူတို့ဟာ လမ်းခုလတ်မှာ တွေဝေနေတဲ့သူတွေ
ဘက်မရွေးရသေးတဲ့… ဘယ်ဖက်ကမှမရပ်တည်ရသေးတဲ့… သူတွေ
ဒီလူတွေဟာ တိုင်းပြည်တစ်ပြည် ရဲ့ စနစ်ကို ပြောင်းလဲတော်လှန်တဲ့အခါမှာ အဓိကအကျဆုံးလူတွေပါဘဲ
ဘာလို့လဲ ဆိုတော့ သူတို့က တိုင်းပြည်တစ်ပြည်လုံးရဲ့ အများဆုံးသောလူဦးရေ ဖြစ်တဲ့ ( ၈၅ ရာခိုင်နှုန်း ) လောက်ဖြစ်နေလို့ပါဘဲ
စနစ် ပြောင်းလဲ တော်လှန်ရေး လုပ်မယ်ဆိုရင် ဒီလူတွေ ကို အဓိက ပစ်မှတ်ထားပြီး ဆွဲဆောင် စည်းရုံးနှိုင်စွမ်းရှိဖို့ က အရမ်းအရေးကြီးပါတယ်
ဒီအချက်တွေကို နအဖကလဲ ကြိုသိထားပြီးသားပါ
ဒီတော့ နံပါတ် (၃) လိုလူတွေ များလေ အစိုးရကြိုက်လေပါဘဲ
ဒီနေရာမှာ ပြည်ပနိုင်ငံရေးသမား တွေကလဲ သူတို့ရဲ့ ရှေးရိုး အစဉ်အလာ ယုံကြည်မှုအတိုင်း
နံပါတ် (၁) တွေကို ဂုဏ်ပြုတယ် ချီးမွှန်းခန်းဖွင့်တယ်
နံပါတ် (၂) တွေကို ကဲ့ရဲ့ရှုံ့ချမယ် စာနဲ့ အပြောနဲ့ ဝေဖန်တိုက်ခိုက်တယ်
အဲဒိမှာ နိုင်ငံရေးသမားတွေရဲ့ ကျူးလွန်နေကျ မဟာ အမှားကြီးတွေကတော့…
နံပါတ် (၃) တွေကို ကိုယ့်ဘက်ပါလာအောင် မကြိုးစားဘဲနဲ့ သူတို့ကို မထောက်ခံမိတာနဲ့ ငါနဲ့ မတူ ငါ့ရန်သူ ဆိုတဲ့ ပုံစံ နဲ့ ဆက်ဆံတယ် ရန်ရှာတယ် စကားလုံးတွေနဲ့ ထိုးစစ်ဆင်တယ်…
အဲ့ဒိတော့ ဘာဖြစ်ဖြစ်လာလဲ ဆိုရင် နံပါတ် (၃) တွေထဲက တစ်ချို့က နံပါတ် (၁) တွေဖြစ်ကုန်ကြတယ်
ဘာလို့လဲ ဆိုတော့ နိုင်ငံရေး မလုပ်တဲ့သူကို လောလောဆယ် အစိုးရက ရန်မရှာဘူးလေ သူတို့ကို နိုင်ငံရေးသမားတွေကသာ တစ်ချိန်လုံး တိုက်ခိုက်နေတာဆိုတော့ ကြာလာတော့ အစိုးရဘက်ကနေတာ အန္တရာယ် လဲကင်း အကျိုးတောင်ရှိသေးတယ် လို့မြင်လာရော။
နိုင်ငံရေးသမားတွေ ရဲ့ တော်လှန်ရေး ဘာကြောင့် မအောင်မြင်သလဲ ဘာကြောင့် ပြည်သူတွေကို ဗိုလ်ချုပ်အောင်ဆန်းလို အမေစု တို့လို မစည်းရုံးနိုင်လဲ ဆိုရင် အဲ့ဒိ အချက်က အဓိက ပါဘဲ။
ခုလဲ ဆိုးတာက Celebrity ဆိုတဲ့ အနုပညာရှင် တိုင်းဟာ ပြည်သူလူထုရဲ့ ချစ်ခင်မြတ်နိုးမှု ကိုရရှိထားလို့သာ အောင်မြင်မှုကို ရရှိခဲ့ကြတာပါ
လူတွေကို မိမိဖက်ပါအောင် စည်းရုံးတဲ့အခါ အနုပညာသည်တွေနဲ့ စည်းရုံးတဲ့နည်းက အမြန်ဆုံး နဲ့ အထိရောက်ဆုံး ဆိုတာကို စိတ်ဓါတ်စစ်ဆင်ရေး ကို တစ်ဖက်ကမ်းခတ်နေအောင် လေ့လာတတ်မြောက်ထားတဲ့ နအဖခေါင်းဆောင်တွေက သိထားပြီးသားပါ။
ဒါကြောင့် ဒီ “ အာရုဏ်ဦး မှာ ပွင့်တဲ့ကြာ “ ဆိုတဲ့ ရုပ်ရှင်ဇတ်ကား ထဲမှာ လက်ရှိ လူကြီးလူငယ် ပြည်သူတွေ အားလုံးကြိုက်ကြတဲ့ သရုပ်ဆောင်တွေ အားလုံးကို ထည့်သွင်း သရုပ်ဆောင်ခိုင်းထားတာကိုကြည့်ပါ။
ခုဒီလို ကားမျိုးထွက်လာတဲ့အခါ မြန်မာပြည်သူလူထုက ပေါ်လစီကားမှန်းသိနေတဲ့ အတွက် ဒီလောက်ကြီးလဲ ထူးခြားပြီး မပြောင်းလဲသွားသလို သူတို့ အရင်ထဲက ချစ်တဲ့ သရုပ်ဆောင်တွေကိုလဲ မုန်းမသွားကြပါဘူး
အားလုံးက နဂိုအတိုင်းဘဲ ရှိနေကြတာပါဘဲ။
ဒါပေမယ့် ခု ပြည်ပက နိုင်ငံရေး သမားတွေ လုပ်လိုက်တဲ့ လုပ်ရပ်က ရုပ်ရှင် အနုပညာသည် တွေ အားလုံးကို နံပါတ် (၃) နေရာကနေ နံပါတ် (၁) နေရာကို အတင်းပြောင်းခိုင်းလိုက်တာပါဘဲ။
တကယ်ဆို အောင်မြင်ကျော်ကြားတဲ့ အနုပညာသမားတွေကို တည့်အောင်ပေါင်းပြီး သူတို့ကနေတဆင့် လူထုကို ဆွဲဆောင် စည်းရုံးနိုင်ရမယ့် အစား မိမိရဲ့ အင်အားအကြီးမားဆုံး လက်နက် တစ်ခုကို မိမိကိုယ်တိုင်ဘဲ ဖျက်ဆီးပစ်လိုက်ကြတာပါဘဲ။
လွတ်လပ်၊ ခေတ်မှီ၊ ပွင့်လင်းတဲ့ အမေရိကား လို နိုင်ငံမျိုးမှာတောင် သမ္မတ ကအစ အနုပညာသမားတွေကို တည့်အောင်ပေါင်းရပါတယ်။ သူတကယ်ကြိုက်ကြိုက် မကြိုက်ကြိုက် ပြည်သူတွေ အရမ်းကြိုက်တဲ့ သူတွေနဲ့ ရင်းနှီးခင်မင်မှုရှိတယ်ဆိုတာ ပြည်သူတွေ မြင်အောင် နေပြခြင်းအားဖြင့် ပြည်သူတွေရဲ့ မေတ္တာကို ရယူနိုင်တယ်ဆိုတဲ့ အယူအဆကို American တွေတောင် ခုထက်ထိ လက်ခံယုံကြည်ပြီး ကျင့်သုံးနေရဆဲပါဘဲ။
ဒါတွေ အားလုံးဟာ ကျွန်တော့် လက်တွေ့နဲ့ ဘဝကပေးတဲ့ အတွေ့အကြုံတွေ ကို အခြေခံပြီးပြောပြတာပါ
အားလုံးနဲ့တော့ တစ်ထပ်တည်းကျချင်မှကျပါလိမ့်မယ်။
ဒီတော့ အတိုချုပ်ပြောရရင် ခု နိုင်ငံရေးသမားတွေ လုပ်နေတဲ့ Campaign ကြီးဟာ ကလေးဆန်ပြီး တရားမျှတမှုမရှိဘဲ
ဘာကောင်းကျိုး သက်ရောက်မှု မှလဲ ရမှာ မဟုတ်တဲ့ လုပ်ရပ်ကြီး ဖြစ်ပြီး မိတ်ဆွေဖွဲ့သင့်သူကို ရန်သူဖြစ်သွားစေတဲ့ လုပ်ရပ်လို့ဘဲ မြင်ပါတယ်။
ဒီတော့ လက်ရှိ “ အာရုဏ်ဦး မှာ ပွင့်တဲ့ကြာ “ ဇတ်ကားမှာ ပါဝင်ခဲ့ရတဲ့ အနုပညာသမားတွေ အားလုံးကို ဝါးလုံးမစင်သုတ်ပြီး ရမ်းသမ်းထိုးနှက်တိုက်ခိုက်နေတဲ့သူတွေ အဖွဲ့အစည်းတွေအားလုံးကို ကျွန်တော် ဆန့်ကျင်ပါတယ်။
တကယ်လို့ ဒီကားမှာ ပါတဲ့အကြောင်းအရာတွေ မှန်ကန် ခြင်း ရှိမရှိဆိုတာ ဇာတ်လမ်းရေးသားသူ (သို့မဟုတ်) ဇာတ်လမ်း ကိုပုံစံသွင်းပြီး ရေးခိုင်းသူ ၊ ဇာတ်လမ်းဇာတ်ကွက် နဲ့ စကားပြောတွေကို ရေးသားညွှန်ကြားတဲ့သူ မှာဘဲ တာဝန်ရှိပါတယ်။
ရှင်းရှင်းပြောရရင် ဒါရိုက်တာတောင်မှ အစိုးရက “ ရော့.. အင့်.. ဒါကို ဒီလို ဒီလူနဲ့ ဖြစ်အောင် ရိုက်ပေး လျှာမရှေ နဲ့ “ ဆိုလဲ ရိုက်ပေးရမှာပါဘဲ။
မင်းသားမင်းသမီးတွေကလဲ “ ဒီအခန်းမှာ ဒါပြော “ လို့… ဒါရိုက်တာ သင်ပေးတဲ့အတိုင်းပြောရတာပါ
အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ဒီကားရဲ့ သမိုင်းကို လွဲမှားစွာ တင်ပြထားမှုဟာ သရုပ်ဆောင်တွေ နဲ့ ဘာမှ မဆိုင်တဲ့အတွက် သူတို့မှာ ဘာအပြစ်မှ မရှိပါဘူး။
မမှန်ကန်တဲ့ သမိုင်းကို ရုပ်ရှင်ဇာတ်လမ်းဖြစ်အောင်ရေးသားဖို့ ခိုင်းစေခဲ့သူ အစိုးရမှာသာ တိုက်ရိုက် တာဝန်ရှိပါတယ်
ဒီတော့ မိတ်ဆွေ နိုင်ငံရေးသမား အာဇာနည် ကြီးများ လုပ်သင့်တာက မြန်မာပြည်ကို ပေါ်တင်ပြန်သွားပြီး နေပြည်တော် နဲ့ ရန်ကုန် မြို့လည်ခေါင်က ဒီကားပြနေတဲ့ ရုပ်ရှင်ရုံတွေတိုင်းရဲ့ရှေ့မှာ မားမားကြီးရပ်ပြီး ခု ပြည်ပကနေ ပြောနေတဲ့ လေကြီး မိုးကြီးစကားတွေ ကြွေးကြော်သံတွေ အားရပါးရသွားအော်ကြသင့်တယ်လို့ တိုက်တွန်းပါရစေ။
ဒီစာကိုရေးလို့ ကျွန်တော့်ကိုလဲ တိုင်းပြည်ကို သစ္စာဖေါက်တယ်လို့ စွပ်စွဲချင်လဲရပါတယ်
ကျွန်တော်က
ကိုယ့် ဓမ္မ ကိုယ် ယုံ
ကိုယ့်လိပ်ပြာ ကိုယ်သန့်
ကိုယ့်အလုပ် ကိုယ်လုပ် နေတဲ့သူပါ
ပြဿနာ မရှိပါဘူး
တကယ်တမ်း တိုင်းပြည်နဲ့ လူမျိုးကိုသစ္စာဖေါက်ခဲ့တဲ့သူတွေကတော့
၈၈ ထဲကနေ ဒီနေ့ထိ ချစ်လှပါချည်ရဲ့ဆိုတဲ့ တိုင်းပြည်ကို ဒုက္ခပင်လယ်ထဲမှာ ထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်လာခဲ့တဲ့ …
၂၂ နှစ်လုံးလုံး Statement တွေအများကြီး ထုတ်ခဲ့တာကလွဲလို့ တိုင်းပြည်နဲ့ ပြည်သူတွေကို ဘာမှ အကျိုးမပြုခဲ့တဲ့ …
ဘာအန္တရယ်မှ မရှိတဲ့ အဝေးကြီးက အနောက်တိုင်းနိုင်ငံတွေမှာ ဇနီးမယား သမီးသား နဲ့ ကြီးပွားပြီး လောကစည်းစိမ်ကို အပြည့်ခံစားမူးယစ်ရင်း အခွင့်ကြုံတိုင်း လူမြင်ကွင်းမှာ.. အင်တာနက်ထဲမှာ.. လက်သီးလက်မောင်းတန်းပြီး စကားလုံးအကြီးကြီးတွေကို အသံကောင်းဟစ်ရင်း လေထုတော်လှန်ရေး နဲ့ လုပ်စားနေတဲ့ နိုင်ငံရေးသမားဆိုတဲ့ သူတွေပါဘဲ။
မှတ်ချက်။ ။ စာတော်တော် ရှည်သွားတဲ့အတွက် ကြိုပြီးတောင်းပန်ချင်သလို
အချိန်ယူပြီး ဖတ်ပေးတဲ့ အတွက်လဲ အရမ်းကျေးဇူးတင်ပါတယ်နော်
လေးစားခင်မင်စွာဖြင့်
မျိုးချစ်
Aug 3rd, 2010
Copy from 8888peoplepower@yahoogroups.com
Wednesday, August 4, 2010
Thursday, July 22, 2010
ခေါင်းစဉ် တပ်ပေးကြပါ
You must read!
Please read this.......
ခေတ်သစ် နိုင်ငံရေး ခွင်သစ်ကို တီထွင်သူများနဲ့ အရေးတော်ပုံကြီး ထာဝရ တည်တံအောင် ကြံဆောင်သူများ အကြောင်း
“ခွင်”အသစ် အကြောင်း ပြောပြချင်လို့ပါ။
“ခွင်”အသစ်က ခု ဗမာပြည်ထဲကို ရောက်သွားပါပြီ။
အမေရိကန်အစိုးရက “နှစ် ၂၀ ရှိပြီ မင်းတို့လို အသုံးမကျတဲ့အတိုက်အခံတွေကို ထောက်
ပံ့နေတာမျိုး ရပ်ပြီ။ ဗမာပြည်ထဲက တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို NGO တွေက တဆင့်ဘဲ ကူညီတော့မယ်” ဆိုတဲ့ ပေါ်လစီအသစ်ကြောင့် ၀ါရှင်တန်ဒီစီမှာအဝေးရောက် အစိုးရလည်း ရုံးခန်းမဖွင့်နိုင်တော့လို့ အစိုးရအဖွဲ့ဝင်တွေ ကျောပိုးအိတ်ရုံးခန်းနဲ့ပဲ ရုံးစာရွက် စာတမ်းတွေသယ်လာကြရပြီး ပန်းခြံတွေမှာ ချိန်းတွေ့၊ အစည်းအဝေးလုပ်နေရတဲ့ အဖြစ်ပါ။ ခုမှ တကယ့်ကို အဝေးရောက်ပါ။ နေ့စဉ်ရုံးလုပ်ငန်းအတွက်ကတော့ အင်တာနက်က ကယ် ထားလို့ ကိုယ့်အိမ်မှာကိုယ် လုပ်လို့ ရနေကြသေးတယ်။ အင်တာနက်လစဉ်ကြေး မတတ်နိုင် တဲ့နေ့ရောက်သွားရင်တော့ အဝေးရောက်ပါ ပျောက်သွားမှာပါ။ နအဖလုပ်လို့ မဟုတ်ပါဘူး။ ကိုယ့်စားရိတ်နဲ့ ကိုယ်ပါ။
ထိုင်း-မြန်မာနယ်စပ်က proposal နဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းများစွာဟာလည်း နောက် နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာ သိနေလို့ အလွန်လျင်သူတွေ “ခွင်” အသစ်ထဲဝင်ဘို့ စိုင်းပြင်း နေကြပါပြီ။
အမေရိကန်အစိုးရက လာမဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဗမာပြည်ဒီမိုကရေစီရေးအတွက်
ဒေါ်လာ(၃၈)သန်းသုံးစွဲမယ်ဆိုတာ အတိုက်အခံတွေအတွက် မဟုတ်ပါဘူး။ ဗမာပြည်ထဲမှာ
NGO တွေက တဆင့် သုံးဘို့ပါ။
အဲဒီမှာ “ခွင်”အသစ် ပေါ်ပေါက်လာတာပဲ။ သိတဲ့အတိုင်း ခရီးစားရိတ်တွေ အထူးစားရိတ် တွေမပါ အမေရိကန်နိုင်ငံသား အနိမ့်ဆုံးNGO ၀န်ထမ်းရဲ့လစာက ဒေါ်လာသုံးထောင်က စတယ်။ NGOခေါင်းဆောင်ပိုင်းဆိုရင် လခတွေက ရှစ်ထောင်တစ်သောင်းတွေပါ။ ဒါပေမဲ့ သူတို့က ဒီလစာလောက် လှည့်ကို မကြည့်ဘူး။ “ခွင်”ထဲက ထပ်ဆင့်“ခွင်”တွေမှ အများကြီး။
နအဖကလည်း လျင်သလားမမေးနဲ့။ “ဒေါ်လာခွင်”အသစ်ထဲမှာမှ ကိုယ်ပိုင်”နိုင်ငံရေးခွင်” အသစ် ထပ်ဖွင့်လိုက်တယ်။ နအဖက ဒေါ်လာ(၃၈)သန်းကို သောက်ရေးကို မစိုက်ဘူး။ ဒီ ပိုက်ဆံလောက်က သူတို့ မန်နေဂျာ တေဇ စင်္ကာပူမှာ တည လာဖြုန်းသလောက်ပဲ ရှိတယ်။ ၀ါရှင်တန်/နယူးယောက်ဗမာသံရုံးတွေကတစ်ဆင့် အတိုက်အခံလောကထဲကို နအဖ ၀င်လိုက် တာ သိပ်လှတယ်။ “အမေရိကန်အစိုးရက ဗမာပြည်ထဲမှာသုံးမဲ့ ဒေါ်လာ(၃၈)သန်းဟာ စီမံခန့် ခွဲမှုအပိုင်းမှာ ခင်ဗျားတို့လို အမေရိကားမှာနေနေတဲ့သူတွေပဲ လာလုပ်မှ အားလုံး အဆင်ပြေ ပြေ ဖြစ်မှာ။ ခင်ဗျားတို့လုပ်ငန်းမှာ ကျနော်တို့ ဘာမှဝင်မရှုပ်ဘူး။ ခုထဲက ဗမာပြည်ထဲဝင်မဲ့ NGOတွေမှာ ၀င်လုပ်ကြပါ။ ဗမာပြည်ထဲမှာရှိပြီးသား တခြားနိုင်ငံတွေက NGOတွေနဲ့ အမေရိ ကန်တွေနဲ့က ဖြစ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့နဲ့ မှ ဖြစ်မှာ။ ဗမာ passport မရှိဘူးလား သေနေ လား မပူနဲ့၊ ကျနော်တို့လုပ်ပေးမယ်။ အမေရိကန် passport ကိုင်ထားရင်လည်း ဗမာvisa တစ်နှစ် ထုပေးလိုက်မယ်၊ တစ်နှစ်အတွင်း ဗမာပြည်ကို ကြိုက်သလောက်အ၀င်အထွက်လုပ်။ လောလောဆယ် တစ်ခေါက် နှစ်ခေါက်သွားဘို့လည်း လေယာဉ်လက်မှတ်တို့ နေရေးစားရေး တို့လည်း မပူနဲ့။ ကျနော်တို့ အကုန်စီစဉ်ပေးမယ်”ဆိုတဲ့ အလုံး တစ်လုံးထဲ အတိုက်အခံတွေထဲ ပစ်ထည့်လိုက်တာ ပစ်မှတ်တွေ အများကြီးရဲ့ ဗဟိုတည့်တည့်ကို သွားထိတော့တာပါပဲ။
ခုတော့ သွားကုန်ကြပြီ။ ခွင်အသစ်ထဲကို။ Ph. D ဒေါက်တာလောက်ဆိုရင်၊ ၀ါရှင်တန်နယူး ယောက် ဗမာသံရုံးတွေက အသွားအပြန် J class လေယာဉ်လက်မှတ် ၀ယ်ပေးလိုက်သေး တယ်။ ဥပမာ - ဒေါက်တာစိန်မြင့်။ လန်ဒန်က Ph. D ရခဲ့ပြီး သွားလေသူ ဒေါ်စုခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်(စ်)ရဲ့ မိတ်ဆွေကြီးပါဆိုပြီး အမေရိကားက ဗမာ အတိုက်အခံ လောကထဲ ခုန်ဝင်လာခဲ့တဲ့လူ။
လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့ အမေရိကန်နိုင်ငံသားစက်ရုံ အလုပ်သမားများအတွက်ကတော့ Y class လေယာဉ်လက်မှတ်ပေါ့။
နအဖက ဓါတ်ငွေ့ရောင်းလို့ရတဲ့ပိုက်ဆံကို ညူကလီးယားမှ မဟုတ်ဘူး။ ဒီနေရာမှာလည်း သုံးပြီး ရင်းလိုက်သေးတယ်။။ ငွေပြန်ပေါ်မဲ့ ခွင်က Fort Wayne မြို့မှာ နယူးယောက် ဗမာ သံရုံးလုပ်ထားပြီးသားမို့ပါ။
လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့ အမေရိကန်နိုင်ငံသားစက်ရုံအလုပ် သမားများ ဆိုတဲ့ အမာခံအတိုက်အခံ ထောင်နဲ့ချီပြီးရှိတဲ့ Fort Wayne မြို့က ဗမာလောက ဟာလည်း နယူးယောက်ဗမာသံရုံးက ပစ်လိုက်တဲ့ ခုနက အလုံးတစ်လုံး မြို့လည်ခေါင်ကို လာပြီး ကျတာမှာ၊ အုံးအုံးကျက်ကျက်တွေ ဖြစ်သွားတာပါပဲ။ ဖြစ်ချင်တော့ အမေရိကန်စီးပွား ရေးကျလို့ အလုပ်တွေက ပြုတ်နေချိန်ကလည်း ဖြစ်နေသေးတယ်။ အလုပ်တွေ အဆင်ပြေနေ ဆဲ လူတွေကလည်း ဗမာပြည်ပြန်ပြီး ဗမာမိန်းမယူချင်တာနဲ့ မိဘတွေဆီသွားလည်ချင်တယ် ဆိုတဲ့ အိပ်မပျော်သော လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့စဉ် ညတွေတုံးက မှောင်မှောင် ရီခြယ် ပျံ့လွင့်အတွေးတွေဟာ နအဖကျေးဇူးနဲ့ ခုတော့ လက်တွေ့အကောင်အထည် ပေါ်သွား တော့တာပေါ့။
ဒီထက်လှတဲ့ အကွက်က အင်္ဂလိပ်ဘာသာအရေကျိုသောက်နိုင်တဲ့ ဒေါက်တာခင်မာဦးဆိုတဲ့ ဆရာဝန်မကို နယူးယောက် ဗမာသံရုံးက ဗမာပြည်ကနေ ခေါ်လိုက်ပြီးတော့ Fort Wayne မြို့ကို လွှတ်လိုက်ပါလေရော။ အင်္ဂလိပ်ဘာသာ အခုအထိညံ့ဖျင်းနေကြဆဲ အဲ့ဒီ အမေရိကန် နိင်ငံသားမြန်မာစက်ရုံအလုပ်သမားများ ထောင်ချီရှိရာ Fort Wayne မြို့ကို မြို့ခံ နှစ်(၂၀) သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေ မသိသေးတဲ့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့ “ခွင်” အသစ်ကိုပါ ဒေါက်တာခင်မာဦးကို သင်ပြပေးပြီးမှ နယူးယောက် ဗမာသံရုံးက Fort Wayne မြို့ကို လွှတ်လိုက်တာပါ။ အင်္ဂလိပ်ဘာသာ ဘာမှ အခက်အခဲမရှိတဲ့ ဒေါက်တာခင်မာဦးဟာ သူများနည်းတူပဲ (၂)လ အတွင်း နိုင်ငံရေးခိုလှုံခွင့်ရယူပြီး သကာလ “ခွင်” အသစ်ကို စတင် လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာမကျွမ်းကျင်ကြတဲ့ Fort Wayne မြို့ခံ နှစ်(၂၀)သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းproject အမျိုးအမျိုး တွေ အမေရိကန်အစိုးရဆီမှာ တင်လိုက်တာ၊ ခုတော့ ဒေါက်တာခင်မာဦးရဲ့ project ရုံးတွေ မှာ Fort Wayne မြို့ခံ မြန်မာ-အမေရိကန် ABSDFဟောင်းတွေလည်း ၀န်ထမ်းတွေဖြစ်ပြီး အလုပ်ရနေကြပါပြီ။
နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီစစ်ဆင်ရေး ဒုတိယအဆင့်
အတိုက်အခံတွေ စစ်အစိုးရကိုထောက်ခံ ဘက်ပြောင်းရေးအတွက်လည်း ရှေ့တန်းက ဗျူဟာ မှူး ဒေါက်တာခင်မာဦးဟာ ထိုးစစ်ကို အောင်မြင်စွာ စတင်နေပါပြီ။ ဒီအတိုက်အခံတွေက အင်္ဂလိပ်ဘာသာမကျွမ်းပေမဲ့ နိုင်ငံရေးကိုနားလည်တော့ စာတတ်ပေတတ်ပုဂ္ဂိုလ်တွေနဲ့ ပေါင်း ပြီး ကွန်ဂရက်လွှတ်တော်မှာ သွားသွား ကလိတိုင်း အမေရိကန်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ နအဖအတွက် ဟိုဟာထဲ စမူဆာဝင်ဝင်ပြီး ခုနေသလို ဖြစ်မှာ စိုးရတယ်။ ခုတော့ Fort Wayne မြို့ခံ မြန်မာနိုင်ငံဘွား အမေရိကန်နိုင်ငံသား အတိုက်အခံ(ဟောင်း)များလည်း ဗမာသံရုံးက မေတ္တာလက်ဆောင်ဝယ်ပေးတဲ့ Y class လေယာဉ်လက်မှတ်တွေနဲ့ ဗမာပြည်ကို သွားလိုက် ပြန် လိုက်လုပ်နေကြပါပြီ။ ဗမာပြည်မှာ ရှာလာခဲ့တဲ့ သတို့သမီးလောင်းကို အမေရိကားကိုခေါ် ဘို့အတွက်လည်း I-129F လျှောက်လွှာတွေ အမေရိကန် လ၀က မှာ တင်ထားကြပါပြီ။
မွန်တောခိုကျောင်းသားဟောင်းတွေ ဦးစီးတဲ့ Fort Wayne မြို့ မွန်ယဉ်ကျေးမှုအသင်းတသင်း ဆိုရင်၊ အမေရိကန်အစိုးရက ချပေးတဲ့ ဒေါက်တာခင်မာဦးရဲ့ project တခုက ငွေတွေနဲ့၊ ဗမာ့ ဆိုင်းဝိုင်းကြီး တူရိယာပစ္စည်းအစုံအလင်ကို သင်္ဘောနဲ့မှာယူ ရောက်ရှိလာလို့၊ Fort Wayne မြို့က မွန်မလေးတွေ ဘောင်းဘီဖင်ကြပ်တွေနဲ့ အကတိုက်နေကြတာကိုလည်း၊ ဗီအိုအေက တီဗီအစီအစဉ်မှာ မြင်ကြရပါပြီ။ ရန်ကုန်မြို့က နိုင်ငံတော်ယဉ်ကျေးမှုတက္ကသိုလ်ကတောင်၊ ဒီတီဗီအစီအစဉ်ကိုကြည့်ပြီး Fort Wayne မြို့က ဗမာ့ဆိုင်းဝိုင်းကြီးဟာ သူတို့ ကျောင်းက ဆိုင်းဝိုင်းကြီးထက်တောင် တူရိယာပစ္စည်းတွေ စုံတယ်လို့ ပြောနေပါတယ်။
နယူးယောက်ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီစစ်ဆင်ရေးကို ဗျူဟာမှူး ဒေါက်တာခင်မာဦးက အကောင်အထည်ဖေါ် အောင်မြင်လိုက်ပုံကများကတော့ ခုဆို အမေရိ ကန်အစိုးရက ချပေးတဲ့ ငွေတွေနဲ့ Fort Wayne မြို့ကနေ ဗမာလို တီဗီတောင် လွှင့်တော့မှာ ဖြစ်ပါတယ်။ မိုးမခနဲ့ အင်တာဗျူးမှာ ကိုယ့်ဟာကိုယ် သူငယ်ချင်းချင်း စကားစပ်မိပြီး တီဗီလွှင့် ဘို့ လုပ်ဖြစ်သွားတာပါလို့ပြောထားပြီး ဒုက္ခသည်တွေထဲမှာ စာမတတ်သူ အများကြီးပါလို့ တီဗီ ရိုက်ဘို့ စိတ်ကူးပေါ်လာတာပါလို့ ဒေသခံ စာနယ်ဇင်းတွေက ရေးကြတယ်။ ရုပ်သံလိုင်း မရှိ သူတွေ ကြည့်ဘို့ ဒီတီဗီအစီအစဉ်တွေကို DVDနဲ့ဖြန့်မယ်လို့လည်း ပြောပါတယ်။ ဘယ်သူကမှ ဒေါက်တာခင်မာဦးရဲ့ များစွာသော project တွေထဲက တခုပါလို့ အင်တာဗျူးတွေမှာ မပြော ကြဘူး။ မိုးမခတောင် ဒါကို မသိလို့ ဒီဗျူး ခန်းကိုထည့်ပေးတာနေမှာ။
http://moemaka.com/index.php?option=com_content&task=view&id=6753&Itemid=83
ကျားနဲ့ဆင် ဒီ“ခွင်”မှာ တွေ့ကြပါပြီ။ ဒီ“ခွင်”ကို ဆင်ထားတဲ့ မူလ“ခွင်”ပိုင်ရှင်က နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်း။ သူက “ဆင်” ဆိုရင် အခု ဒီ “ခွင်”ထဲကို ၀င်လာတာက “ကျား” သင်းကိုကို။
Fort Wayne မြို့ကနေ ဗမာလို တီဗီလွှင့်မှာကို တီဗီလုပ်ငန်း နကန်းတလုံးမှမသိတဲ့ မြို့ခံ ဦးသီရိဘကြည် ခေါ် ဦးသီဟ က ရှေ့က နံမည်ခံပြီး နောက်ကနေ သူ့လက်သူ့ခြေ အကုန်လုပ် မဲ့ သင်းကိုကို။
ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ဗျူဟာမှူး ဒေါက်တာခင်မာဦးလောက်ကို ပိဿာချိန်နဲ့ ရောင်းစား သွားမဲ့ သင်းကိုကို။ မြ၀တီရုပ်သံက ကင်မရာတွေ မပြီး ပြေးသွားသူပါလို့၊ န၀တ က ကြေညာ ခံခဲ့ရဘူးတဲ့ သင်းကိုကို။ DVB ရုပ်သံ စစချင်း DVB အတွက် ရသမျှ မာစီးဒီးဝယ်စီးပြီး အိမ်ဖေါ် တွေ ဘာတွေနဲ့ နော်ဝေ မှာ အကျအန နေခဲ့တဲ့ သင်းကိုကို။ DVB က ခိုးနေတာပေါ်သွားတော့ ကန်အထုတ်ခံရချိန်မှာ DVBက data hard driveကြီးကို ဖျက်ဆီးပြီးမှ နော်ဝေကနေ ထွက် လာခဲ့တဲ့ သင်းကိုကို။ အရင် သူလုပ်ခဲ့တဲ့ ဘန်ကောက် FTUB ရုံးကနေပါ ဦးမောင်မောင်က ကန်ထုတ်လိုက်တဲ့ သင်းကိုကို။ ပြေးစရာ မြေမရှိနဲ့ အမေရိကားရောက်လာရာက အေးအေး မနေပဲ၊ Fort Wayne မြို့က ဗိုလ်မှူးကြီးကျော်စွာမင်း နဲ့ ဒေါက်တာခင်မာဦးတို့ရဲ့ ငါးကြင်းဆီ စစ်ဆင်ရေးထဲက “ခွင်”ထဲကို ၀င်လာတဲ့ “ကျား” သင်းကိုကို။
ဗိုလ်မှူးကြီးကျော်စွာမင်း ကုလားထိုင်လှုပ် ဒေါက်တာခင်မာဦး Fort Wayne မြို့ကနေ တော ထုတ်ခံရပြီး ငါးကြင်းဆီစစ်ဆင်ရေးထဲက “ခွင်”တခွင်လုံး သင်းကိုကို အုပ်သွားရင်တော့ ကြည့် ကောင်းလိုက်မဲ့ ဖြစ်ချင်း။
နောက်ထပ် “ခွင်”ကတော့ ၀ါရှင်တန်ကနေ ဘန်ကောက်ကို ရွေှ့သွားတဲ့ “ခွင်”ပါ။ အမေရိကန် အစိုးရရဲ့ USAID က ဒေါ်လာသန်းပေါင်းများစွာနဲ့ အမေရိကန် NGOတွေ ဗမာပြည်ထဲ ၀င်ဘို့ လုပ်တဲ့ နေရာမှာ USAIDရှေ့တန်းရုံးကို ဘန်ကောက်မှာ ဖွင့်လိုက်ပါပြီ။ ရှေ့တန်းရုံးကို ဦးစီးဘို့ လူရှာနေတာကြားတဲ့ အဝေးရောက်NCGUBရုံးရဲ့ ညွန်ကြားရေးမှူး ဦးစိုးပိုင်က သိပ်သွက်ပါ တယ်။ အမေရိကန်အမျိုးသားနဲ့ အိမ်ထောင်ပြုထားတဲ့ အမေရိကန်တက္ကသိုလ်ဘွဲ့ရ သူ့သမီး စန္ဒီကို USAIDရှေ့တန်းရုံးရဲ့ ညွန်ကြားရေးမှူးအဖြစ်ခန့်ဘို့ ၀ါရှင်တန်ဗမာသံရုံးရဲ့ နောက်ကွယ် က စီစဉ်ဆက်သွယ်ညှိနှိုင်းပေးမှုနဲ့ အမေရိကန်အစိုးရကိုချဉ်းကပ် အဆိုတင်လိုက်တာ အောင် မြင်သွားခဲ့ပါပြီ။ ခုတော့ ၀ါရှင်တန်NCGUBရုံး ရဲ့ညွန်ကြားရေးမှူးဦးစိုးပိုင်လဲ အဝေးရောက် အစိုးရကို ၀ါရှင်တန်ကပန်းခြံတွေထဲမှာ ပစ်ထားခဲ့ပြီး ညွန်ကြားရေးမှူးစန္ဒီရဲ့ ရှေ့တန်းရုံးရှိရာ ဘန်ကောက်ကို ပြောင်းရွေှ့နေထိုင်နေပါပြီ။
နောက်နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာသိတဲ့ အလွန်လျင်တဲ့ ထိုင်း-မြန်မာ နယ်စပ်က တော်လှန်ရေးခေါင်းဆောင်ကြီးငယ် size ပေါင်းစုံဟာလည်း ဗမာပြည်ထဲဝင်ကြ တော့မဲ့ အမေရိကန်NGOတွေထဲမှာ အလုပ်ရဘို့ ဒါမှမဟုတ် ကိုယ်တိုင် NGOတခုကို ဆရာ ကြီး လုပ်နိုင်ဘို့ ဗမာပြည်ထဲက “ခွင်”အသစ်ထဲ ၀င်ပြီး ကိုယ့်အတွက် “ခွင်”ထပ်ရှာကြဘို့ စိုင်းပြင်းနေကြပါပြီ။ ဘန်ကောက်မှာ နောက်ကွယ်ကနေ နအဖက သူတို့လူ ညွန်ကြားရေးမှူး စန္ဒီကတဆင့် ကြိုးကိုင်မဲ့ ဗမာပြည်အတွက်USAIDရှေ့တန်းရုံးမှာ တော်လှန်ရေးခေါင်းဆောင် ကြီးငယ်တွေ သူ့ထက်ငါ တိုးဝှေ့ဦးခိုက်နေကြပါပြီ။ အမေရိကန်အစိုးရကတော့ မသိရှာဘူး။ အိုဘားမားရဲ့ ထိတွေ့ဆက်ဆံရေးပေါ်လစီ အောင်မြင်ပြီး ဗမာပြည်မှာတဖြည်းဖြည်း Change ဖြစ်သွားမယ်လို့ ထင်နေရှာတယ်။ အောင်မြင်တာတော့ အောင်နေပါပြီ။ ရှေ့တန်းရုံဖွင့်ရုံပဲရှိ သေး အမေရိကန် NGOတွေ ဗမာပြည်ထဲခြေမချရသေးခင်မှာကို “ခွင်”ဆရာကြီးဆရာမကြီး တွေ အတွက်ကတော့ အောင်မြင်သွားခဲ့ပါပြီ။
“ခွင်”ဆိုလို့ အမေရိကားထဲက “ခွင်”အသစ်တစ်ခုလည်း ရှိပါသေးတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန်အောက်လွှတ်တော်အမတ် ရိုနာဘာဂါက စစ်မှန်တဲ့ ဗမာ့ဒီမိုကရေစီအရေးအတွက် ဗမာစစ်တပ်ထဲက မျိုးဆက်သစ်စစ်သားတွေက လုပ်မှ ရနိုင် မယ်လို့ ကြေညာချက်တစ်စောင်ထုတ်ခဲ့တယ်။ အဲ့ဒီမှာ၊ ခွေးသေကောင်ပုဒ်ကို ဠင်းတတွေ ၀ိုင်းဆွဲကြသလို၊ ရိုနာဘာဂါဆီကို အပြေးအလွှား သူ့ထက်ငါဦးအောင် proposal တွေ project တွေ ၀ိုင်းတင်ကြတော့တာပဲ။ ကျနော်ကတော့ ပြည်တွင်းက စစ်တပ်ထဲမှာ အဆက်အသွယ် တွေရှိပါတယ်၊ ကျမကတော့ ပြည်တွင်းက စစ်မှုထမ်းဟောင်းတွေကို အိတ်ထဲထည့်ထားနိုင်ပါ တယ်၊ စုံလို့ပဲ။ ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးကို ကုန်းလမ်းရေလမ်း လေလမ်းတွေကနေ ချီတက်လာကြတာ။ ချင်းမိုင်မှာ ဆယ်နှစ်ဆယ်မိုး အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပါမောက္ခလိုလို ဘာလိုလိုလုပ်လာခဲ့တဲ့ ဟားဗတ်သုံးလသင်တန်းတက်ဘူးသူတွေ ရဲ့ ဗန္ဒု ဓနု လဥ bahu အဖွဲ့ဝင် အမေရိကန်မ ယောက်ျားတယောက်လည်း မိသားစုနဲ့အတူ အပြေးအလွှားပဲ ၀ါရှင်တန်ကို အပြီး ပြန်ပြောင်းလာပါပြီ။ သို့ကလို ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးနားမှာ ၀ဲနေကြတဲ့ ဠင်းတတွေထဲမှာ၊ စစ်သားဟောင်းဆိုလို့ စစ်ဗိုလ်ဆရာဝန်လုပ်ဘူးတဲ့ အဝေးရောက်အစိုးရကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်း ပဲ တွေ့ရတယ်။ ဗမာပြည်စစ်တပ်ထဲက ဒီမိုကရေစီလိုလားသူ စစ်သားတွေ ဗမာစစ်အစိုးရရဲ့ စစ်ပြန်အဖွဲ့ထဲက ဒီမိုကရေစီလိုလားသူ စစ်သားဟောင်းတွေနဲ့ ပြည်ပရောက် ဒီမိုကရေစီ လို လားသူ စစ်သားဟောင်းတွေနဲ့ကို ချိတ်ဆက်ပြီးကွန်ယက်ကြီးဖြစ်လာဘို့ သူလုပ်နိုင်တယ် ဆို တဲ့ ဒေါက်တာသောင်းထွန်းရဲ့ နှစ်ရှည်စီမံကိန်းအတွက် ကုန်ကျစားရိတ်အသေးစိတ်နဲ့ တင်ပြ ထားတဲ့ proposal အထူကြီးတအုပ်လဲ၊ ဘုတ်ကနဲ ရိုနာဘာဂါရဲ့ရုံးခန်းထဲ ကျရောက်သွားခဲ့ ပါပြီ။ တစ်ခါမှ ဖုံးမဆက်ဘူးတဲ့ တစ်ကမ္ဘာလုံးက ဗမာစစ်သားဟောင်းတွေဆီကို ဒေါက်တာ သောင်းထွန်း ဖုံးတွေတဂွမ်ဂွမ်ဆက်နေရှာတယ်။ စည်းရုံးတဲ့အထဲမှာ ဗမာပြည်ဒီမိုကရေစီ အကြောင်းပဲပါတယ် တဲ့။ ရိုနာဘာဂါ ကြေညာချက်တို့ ဘာတို့ တခွန်းမှ မဟဘူးတဲ့။ စစ်သား ဟောင်းဆိုတဲ့လူတွေကလည်း ဠင်းတချင်းတူပေမဲ့ ခပ်တုံးတုံးတွေဆိုတော့၊ ရိုနာဘာဂါကြေညာ ချက်ကိုလည်း မသိဘူး။ သိလည်း ဒါဟာ၊ ရပ်ကွက်ထဲကိုရောက်လာတဲ့ အသစ်ကလေးလို့် “ခွင်” ဆရာကြီးဆရာမကြီးတွေလို ရှုမြင် နားလည်သဘောပေါက်ကြမဲ့ ဠင်းတမျိုးတွေ မဟုတ် ပြန်ဘူး။ ဒေါက်တာသောင်းထွန်းရဲ့ “ခွင်” မှာ အသုံးချခံရတော့မယ်ဆိုတာ မသိကြတဲ့ စစ်သားပီပီ ခဲတံချွန်စက်မရှိတဲ့ အရပ်ကလူတွေလိုပါပဲ။
“ခွင်”တွေကတော့ အငြိမ့်တွေရဲ့ အက ရာသီခွင်တွေလိုပါပဲ။ သူ့ရာသီနဲ့သူ ခေတ်မှီမှီ စတိတ်ရှိုး တွေထည့် မင်းသမီးတွေကို အားကစားဇာတ်လမ်းနဲ့ မလုံ့တလုံဝတ်ပြတာတွေ ထည့်နိုင်တဲ့ခွင် တွေက အစ်ကိုကာလသားတွေ တရုန်းရုန်းနဲ့ ပွဲစည်ပြီး အားလုံးလည်း ညကြေးတွေ ပိုပြီးရကြ တွက်ခြေကိုက်ကြတာပေါ့။
သြော် ရပ်ကွက်ထဲက “ခွင်”တွေ အကြောင်း ပြောပါတယ်။
ယူအက်(စ်)အေ ရုက္ခစိုး
Tuesday, April 13, 2010
ALD ရွှေးကောက်ပွဲ မ၀င် ဆုံးဖြတ်ချက် အပေါ် ဦးအေးသာအောင်ရဲ့ ပြောကြားချက်
ALD ရွှေးကောက်ပွဲ မ၀င် ဆုံးဖြတ်ချက် အပေါ် ဦးအေးသာအောင်ရဲ့ ပြောကြားချက်
4/13/2010
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေနဲ့ ပါတီ မှတ်ပုံမတင်သလို ရွေးကောက်ပွဲမှာလည်း ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ALDရဲ့ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကို ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေသာမက မြို့နယ် အဆင့် ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် ခုလို ရွှေးကောက်ပွဲ မ၀င်ဖို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ဆုံးဖြတ်ရပါသလဲလို့ ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ ဦးအေးသာအောင်ကို နိရဉ္စရာက ဆက်သွယ် မေးမြန်းတဲ့ အခါ သူက ခုလို ပြောပါတယ်။
ဖြေ။ အဓိက ကတော့ ၂၀၀၈ ခုနှစ်မှာ တဘက်သတ် အတည်ပြုပေးလိုက်တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို သုံးသပ် လိုက်တဲ့အခါမှာ အဲဒီ ဖွဲ့စည်းပုံထဲမှာ ရခိုင်အမျိုးသားတွေ အတွက် ဘာအခွင့်အရေးမှ မပါဝင်သလို တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးတွေကိုလည်း လျစ်လျူရှု့ ပစ်ပယ် ထားတာကို တွေ့ရတယ်။ ပီးတော့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် တွေကိုလည်း နည်းမျိုးစုံနဲ့ ဖိနှိပ် ချုပ်ချယ် ကန့်သတ် ထားတဲ့ အတွက်ကြောင့် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ် ကြည့်တဲ့အခါ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးများ၊ ပြည်နယ်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ပတ်သက် လို့ ဖေါ်ပြ ထားတာ တွေမှာလည်း တိုင်းရင်းသား လူမျိုးတွေရဲ့ ကိုယ်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် မရဘဲနဲ့ အဓိက ပြည်နယ် လွှတ်တော်ရဲ့ ၂၅ ရာခိုင်နုန်း ကို စစ်တပ်က စိုးမိုးထားမယ့် အပြင် ဒေသ အသီးသီးရဲ့ ပြည်နယ် ၀န်ကြီးချုပ် နေရာတွေကိုလည်း သမ္မတကပဲ ခန့်အပ်ပေးရ မယ်ဆိုတဲ့ အပိုင်းတွေ ပါဝင်နေပီး ပြည်သူတွေရဲ့ရပိုင်ခွင့်၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ခြယ်လှယ် စိုးမိုးထားတဲ့ အတွက်ကြောင့် တိုင်းရင်းသား အရေးကို ဆောင်ရွက်နေတဲ့ ALD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လက်မခံနိုင်သလို ရွေးကောက်ပွဲကိုလည်း မဝင်ဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။ နောက်တချက်က အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသား အခွင့် အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ဖေါ်ဆောင်ပေးနိုင်မယ့် အချက် အလက်တွေ မပါဝင်သလို စစ်တပ်ကသာ တဘက်သတ် အုပ်ချုပ်ဖို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်သလို ပါတီမှတ်ပုံ မတင်ဖို့အတွက် ဆုံးဖြတ် ရခြင်းဖြစ်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီမှတ်ပုံတင်မယ့် ဥပဒေတွေ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲကို ကြီးကြပ်နိုင်ရုံသာမက နိုင်ငံရေး ပါတီတွေကိုလည်း ကော်မရှင် အဖွဲ့ရဲ့ လက်အောက်မှာ ကွပ်ကဲ သွားမယ့် အချက်တွေ ဖေါ်ပြထားတဲ့ အတွက်ကြောင့် ဒါဟာ သဘာဝလည်း မကျဘူး၊ နိုင်ငံရေး ပါတီဆိုတာ လွတ်လွတ်လပ်လပ် နိုင်ငံတော်ကို အုပ်ချုပ်နိုင်တဲ့ ပါတီဖြစ်တဲ့ အတွက်ကြောင့် ကော်မရှင်ရဲ့ ကြီးကြပ်မှု အောက်မှာ နေရမှာဆိုတာကတော့ ဖြစ်လည်း မဖြစ်နိုင် လက်ခံနိုင်စရာ အကြောင်းရင်းလည်း မရှိပါ။ အားလုံးကို ခြုံပြီး သုံးသပ် ရမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံရေး ပါတီများကို အမျိုးမျိုး ချုပ်ကိုင်ခြယ်လှယ်ထားပြီးတော့ ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးကို ဖေါ်ဆောင်ပေးမယ့် ရွေးကောက်ပွဲ မဟုတ်တဲ့အတွက်ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီမှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲကိုလည်း ဝင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
မေး။ အခုလို ALD ပါတီရဲ့ ခုဆုံးဖြတ်ချက်ကို ရခိုင်ပြည်သူတွေ အနေနဲ့ လက်ခံကြလိမ့်မယ်လို့ မျှော်လင့် ပါသလား။
ဖြေ။ အခြေအနေအားလုံးကို သပ်သုံးပြီး ပြောရရင် လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရေးပါတီ တရပ်ဆိုတာ ခေတ်ကာလ အခြေအနေ၊ နောင်ဖြစ်လာမယ့် အခြေအနေတွေကို သုံးသပ် ဆုံးဖြတ်ချက်ချ လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ ဒီလို လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ ပြည်သူတွေကို အရင်တုန်းကလည်း ရှင်းပြခဲ့တယ်။ ခုလည်း ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ ခု ရှင်းလင်း တင်ပြချက် ထွက်ပေါ်လာတဲ့ အခါမှာလည်း ALD ရပ်တည်ချက်တွေကို ပြည်သူတွေ လက်ခံ ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
မေး။ အခုဆိုရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရ ပါတီကြီး ၂ ခုဖြစ်တဲ့ NLD ပါတီနဲ့ ALD ပါတီတို့က ရွေးကောက်ပွဲ မဝင်လို့ ဆုံးဖြတ်လိုက်တဲ့ အတွက် မေလ ၆ ရက်နေ့ နောက်ပိုင်းမှာ ပါတီ တရပ် အနေနဲ့ လူပ်ရှားရင် ဖမ်းဆီးတာတွေ နှိမ်နှင်း တာတွေ လုပ်လာနိုင်ပါတယ်။ ဖိအားပေးပြီး နိုင်ငံရေး မလုပ်ဖို့ တားမြစ်ကောင်း တားဖြစ်လာနိုင်ပါတယ်၊ အဲဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဘယ်လိုပဲ ဖိအားပေးပေး ALD ပါတီ အနေနဲ့ပဲ ဖြစ်ဖြစ်၊ ရခိုင်အမျိုးသား တယောက် အနေနဲ့ပဲ ဖြစ်ဖြစ် လက်ခံနိုင်စရာ မရှိပါ။ ပီးရင် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနဲ့ မိမိနိုင်ငံ အတွက် ဘယ်နိုင်ငံသားမဆို နိုင်ငံရေး လုပ်နိုင်ပါတယ်။ ဘယ်လို ဖိအားပေးမူကို မဆို ALD အနေနဲ့ ရှေ့ကလို ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ALD အနေနဲ့ ခုဆုံး ဖြတ်ချက်ကလည်း ကိုယ် ဝင်ချင်ရင် ဝင်ပြိုင်မယ်။ မဝင်ချင်ရင် မဝင်တဲ့ သဘော ဖြစ်ပါတယ်။
မေး။ ALD ပါတီအနေနဲ့ ဘယ်လိုရှေ့ဆက် ရပ်တည်သွားမယ်ဆိုတာကို နည်းနည်းပြောပြပေးပါ။
ဖြေ။ ALD အနေနဲ့ကတော့ ဆက်လက်ပြီး ဖြစ်ပေါ် လာတဲ့ အခြေအနေ အပေါ်မှာ မူတည်ပြီးတော့ တခြားသော တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ သော်လည်းကောင်း၊ ဒီမိုကရေစီ အဖွဲ့အစည်းတွေနဲ့ သော်လည်းကောင်း အတူတကွ ဆွေးနွေး ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် ပြီးတော့ လုပ်ကိုင် ဆောင်ရွက်သွားမှာ ဖြစ်ပါမယ်။
(မင်းဆက်ခိုင် မေးမြန်းသည်)
Copy from www.narinjara.com
