Pages

Saturday, May 29, 2010

ရှက်တတ်ရင် သေသင့်တာကြာပြီ

မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ … ပြင်ဦးလွင်က မေ
စိန်အိုးစည် / ၂၈ မေ ၂၀၁၀


ငရုတ်ဆုံထောင်းနေရင်း လေပုပ်ထုတ်ကုန်းသို့ မြန်မြန်ထွက်ခွင့်ရရန် ရွှေဂျိုး အကြံထုတ်လျက်ရှိသည်။ ပေါ်လာသည့် အကြံအတိုင်း အိမ်သူသက်ထား ဇနီးမယား ရေအိမ်မှ ထွက်အလာတွင် “အား လား လား” ဟု အသံကျယ်ကြီးပြုကာ ငရုတ်ကျည်ပွေ့ကို လက်ထဲမှ ရွှေဂျိုး လွှတ်ချလိုက်သည်။ ထိုအခါ အိမ်သူသက်ထား ဇနီးမယားဆီမှ ငှက်ဆိုးသံ (အဲ …) အကြင်နာပိုသည်များရယ်ကွယ် ဆိုသကဲ့သို့သော အသံကလေး ထွက်ပေါ်လာသည်။
“ဘာဖြစ်တာလဲ ကိုရွှေဂျိုး၊ လက်ကို ငရုတ်ကျည်ပွေ့နဲ့ ထုမိပြီမဟုတ်လား၊ လုပ်နေတဲ့ အလုပ်ထဲ စိတ်မှမပါတာ ထုမိမှာပေါ့၊ လက်က ငရုတ်ဆုံထောင်းနေပေမယ့် ခြေထောက်က လေပုပ်ထုတ်ကုန်း ရောက်နေတာကိုး၊ ဖယ် ဖယ် တော့်ကို ခိုင်းလိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ”

ရွှေဂျိုးလည်း မူယာမာယာမိုး ရွာသွန်းဖြိုးသည့်အနေဖြင့် လက်ကိုတခါခါလုပ်ကာ နံရံကိုမှီပြီး အိပ်စက်နေသည့် သံစုံမြည် အော်ခက်စတြာ စက်ဘီးလေးဆီ ရွရွကလေး လှမ်းခဲ့တော့သည်။ ထို့နောက် စက်ဘီးကို ဖွဖွကလေး မလိုက်သည်တွင် အိမ်သူသက်ထား၏ “ရော့ ဒီမှာ” ဟူသည့် အသံကို ကြားလိုက်ရသဖြင့် ရွေ့တော့မည့် ရွှေဂျိုး၏ ခြေလှမ်းများ တုံ့ဆိုင်းသွားလေသည်။ နောက်လှည့်အကြည့်တွင် ဆယ်ဘတ်စေ့တစေ့ လှမ်းပစ်ပေးသည်ကို တွေ့သဖြင့် အလျင်အမြန် ဖမ်းဆုပ်လိုက်ရသည်။ သို့သော် ဤမျှနှင့် မပြီးသေးဘဲ အိမ်သူသက်ထား ဇနီးမယား၏ မြည်တွန်တောက်တီးသံ ဆက်လက်ထွက်ပေါ်လာပြန်သည်။

“တော်က ပိုက်ဆံယူမသွားဘဲ သူများတိုက်တဲ့ လက်ဖက်ရည် သွားကပ်သောက်မလို့လား။ ရှင် မရှက်ပေမယ့် ကျုပ် ရှက်တယ်ရှင့်။ လက်ဖက်ရည်တခွက်နဲ့ တော်မို့လို့ သူများကို ကျေးဇူးတင်ခံချင်နေတယ် ဟွန်း”

“မဟုတ်ရပါဘူး မိန်းမရာ။ ကိုယ်အပြင်ထွက်ရင် မင်း မကြည့်ရက်ဘူးဆိုတာ ကြိုသိနေလို့ စက်ဘီးကို အရင်မ,နေတာပါ။ ဘယ့်နှယ့် သူများတိုက်တာ ကပ်သောက်ရမလဲကွာ။ မင်း ကြိုက်လို့ ယူထားတဲ့ ကိုယ့်ရဲ့ ဥပဓိရုပ်ကို ကြည့်စမ်းပါဦး မိန်းမရဲ့၊ ကပ်သောက်မယ့် ရုပ်လားဆိုတာ ဟဲ ဟဲ ကိုယ်သွားလိုက်ဦးမယ်နော် ပြန်လာမှ ဟဲ ဟဲ” ဟု မျက်နှာချိုသွေးကာ စက်ဘီးစုတ်ကလေးပေါ် ရွရွလေး ခွရင်း ဖွဖွကလေး နင်းထွက်ခဲ့တော့သည် (အမှန်ကား ရွှေဂျိုး၏ သုံးထည် တရာတန် အင်္ကျီအိတ်ကပ်ထဲတွင် အိမ်သူသက်ထား မသိအောင် ဘတ်ထားသည့် ၂၀ ဘတ်တန်လေးတရွက် ကပ်ညှိနေသည့်အတွက် ဇနီးမယား မရိပ်စားမိခင် အလျင်အမြန် ထွက်ခွာရန် စက်ဘီးကို မ,နေခြင်းဖြစ်သည်)။

လေပုပ်ထုတ်ကုန်းရှေ့အရောက်တွင် တယောက်တည်း အော်ဟစ်ကာ ခုနှစ်ရက်သားသမီးကို အသံဖြင့် နှိပ်စက်နေပြီဖြစ်သော လေအိုး၏ ပြုံးဖြီးဖြီး မျက်နှာကို တွေ့ရလေသည်။

“ဒီစကားလေးအတိုင်း ပြောချင်ပေ … အမတ်မင်းတို့ရေ အဓိပ္ပာယ်ရှိကြ”
“ရွေးကောက်ပွဲကြိုကာလမှာ … ကတိပေးခဲ့တာ ပြန်သတိရကြ”
“ဒီမိုကရေစီရသည့်တိုင် … မယိမ်းမယိုင် ကြိုးစားမယ်တဲ့”
“ပြည်သူလူထု လွတ်မြောက်အောင် … အားပြည့်စွမ်းဆောင် လုပ်သွားမယ်တဲ့”
“ဟေ့ စိန်လား … ဟေ့ မြလား … ဟေး လာ မောင် တို့ ၀ါး လား လား လား လား လား လား လား”

အဆက်မပြတ် အော်ဟစ်ပြီးနောက် လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ရင်း ရယ်နေလေသည်။ ရွှေဂျိုးက အဖျော်ကောင်တာဘက် လှည့်ကြည့်ရင်း အဖျော်ဆရာလေး ပိုက်ထွေးကို လှမ်းမေးလိုက်သည်။

ရွှေဂျိုး ။ ။ ဟေ့ ပိုက်ထွေး မင်းအစ်ကို ကိုလေအိုး မနက်စောစောစီးစီး ၀က်ရူးပြန်နေတာလားကွ၊ အမြှုပ်မထွက်ရုံ တမယ်ပဲကွာ၊ ဘယ်လိုဖြစ်တာတဲ့တုန်းကွ။ လက်ဖက်ရည်ဖျော်နေရင်းမှ ပိုက်ထွေးက ပြန်အော်ပြောသည်။

ပိုက်ထွေး ။ ။ အရင်သောက်နေတဲ့ဆေး ကုန်သွားလို့နေမှာပေါ့။ သောက်နေကျဆေး မသောက်ရလို့နဲ့တူပါတယ် အစ်ကိုရွှေဂျိုးရာ ဟား ဟား ဟား။

ပိုက်ထွေး၏ ရယ်သံအတိတ်တွင် လေအိုးဘက်လှည့်ကာ ရွှေဂျိုး မေးခွန်းထုတ်လိုက်တော့သည်။

ရွှေဂျိုး ။ ။ ဘယ်လိုဖြစ်လို့ မနက်စောစောစီးစီး ခုနှစ်ရက်သားသမီး နားမချမ်းသာအောင် နှိပ်စက်နေရတာလဲ ကိုလေအိုးရဲ့၊ လင်းစမ်းပါဦး။

လေအိုး ။ ။ ဟား ဟား ဟား ဟား (စကားမစမီ ပါးစပ်ကို လက်နှင့်အုပ်ပြီး လေအိုး ရယ်နေပြန်)၊ ခင်ဗျား မသိဘူးလား ကိုရွှေဂျိုး၊ ဒီနေ့ နှစ် (၂၀) ပြည့် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့လေဗျာ။ အဲဒါ ကျုပ်တို့မိတ်ဆွေကြီး ကိုမြတ်ထက်ရဲ့ “စိတ်ကူးမပြင် ထိပ်ဖူးဝင်လိမ့်” သံချပ်ကို သတိရပြီး အမှတ်တရ သံချပ်တိုင်နေတာဗျ။

ရွှေဂျိုး ။ ။ အော် ဒီလိုလား။ ဒါပေမယ့်ဗျာ ခင်ဗျား ဘယ်လောက်ပဲ ကုန်းအော်အော် အမတ်မင်းတွေက နားပင်းချင်ယောင်ဆောင်နေတာဗျ။ ထိပ်ဖူးပဲ ၀င်ဝင်၊ တတောင့်လုံးပဲ ၀င်ဝင် သူတို့က စိတ်ကူးပြင်မယ့်ပုံတော့ မပေါ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ တချို့အမတ်တွေဆို တတိယနိုင်ငံမှာ စူချီတွေ ကုန်းရုန်းလိပ်နေရတယ်လေဗျာ၊ တချို့အမတ်တွေကျတော့လည်း ဒုက္ခသည်စခန်းထဲ ရောက်နေကြတာဗျ။ အဲ … တချို့အမတ်တွေကျတော့ စမောတွေ့ပြီး မနောခွေ့နေလို့ ခင်ဗျားအော်တာကို ကြားနိုင်မှာမဟုတ်ဘူးဗျ။ အားရှိစရာပေါ့ဗျာ ဟား ဟား ဟား။ သူတို့တွေ အတောင့်လိုက် (အဲ …) ထိပ်ဖူးအ၀င်ခံခဲ့လို့လည်း အခုလို ရွေးကောက်ပွဲ နှစ် (၂၀) ပြည့် နှစ်ပတ်လည်အခမ်းအနားတွေပဲ ကျင်းပနေရတာပေါ့။ မဟုတ်ရင်လား ကျုပ်တို့မြန်မာပြည် ဂန္ဒီခန်းမအစည်းအဝေးပြီးကတည်းက အောင်ပွဲခံတာ ကြာလှပေါ့။

လေအိုး ။ ။ အေးဗျာ … ဒီလိုမှန်းသိရင် ၉၀ ရွေးကောက်ပွဲတုန်းက လေအိုးတို့အိမ်က ဂုတ်ကျားကို ၀င်ပြိုင်ခိုင်းခဲ့ပါတယ်။ ဂုတ်ကျားကမှ နအဖကို ဟောင်ဖော်၊ ကိုက်ဆွဲဖော်ရဦးမယ်။ အခုတော့ “ကတိတွေ ပေးထားတာလည်း … လွန်နေပြီကော မောင့်အချစ်ရာ …. မိန်းမချောကို မညာပါဘူး … မောင့်မေတ္တာ ပိုပါတယ်” ဆိုတဲ့ အမတ်တွေ ဘယ်ရောက်နေကြလဲမသိ၊ ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းကတော့ “ဒီမိုကရေစီရသည့်တိုင် … မယိမ်းမယိုင် ကြိုးစားမယ်တဲ့” “ပြည်သူလူထု လွတ်မြောက်အောင် … အားပြည့်စွမ်းဆောင် လုပ်သွားမယ်တဲ့” ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်ကို လက်နှင့်အုပ်ပြီး လေအိုး ရယ်လေပြန်)။

ရွှေဂျိုး ။ ။ ကိုလေအိုးကလည်းဗျာ အရေးထဲ ၀က်ဆိုးသံနဲ့ သီချင်းဆိုပြနေသေးတယ်။ အမတ်မင်းတွေကို စိတ်ညစ်ရတဲ့အထဲ စကားကို ကောင်းကောင်းပြောစမ်းပါဗျ။

ထိုစဉ် လက်ဖက်ရည်နှင့် ရေနွေးအိုး လာချသည့် အဖျော်ဆရာလေး ပိုက်ထွေး၏ မိုဘိုင်းလ်ဖုန်းမှ တေးသံသာတပုဒ် လွှင့်ထုတ်လို့နေပြန်သည်။

“မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ … ပြင်ဦးလွင်က မေ … အခါခါပင် လက်ကလေးပြကာ …”

ပိုက်ထွေး၏ သီချင်းသံကို နားစွင့်ရုံရှိသေး လေအိုး၏ ပါးစပ်သေနတ်က ကြားဖြတ်ဝင်လာသည်။

လေအိုး ။ ။ ဖုန်းပေါင်ထားတာ ပြန်ရွေးပြီးပြီပေါ့လေ ဟုတ်လား ပိုက်ထွေး။ ဒါပေမယ့်ကွာ … အသံနဲ့ နှိပ်စက်မယ်ဆိုရင်တော့ ဖြူဖြူကျော်သိန်းတို့၊ အယ်လ်ဆိုင်းဇီတို့နဲ့ နှိပ်စက်တာပဲ လေအိုးတို့က ခံချင်တာကွ။ အခုတော့ ပြင်ဦးလွင်က ဘယ်ဂေါ်ရခါးမကို တမ်းတနေပြန်တာလဲ ပိုက်ထွေးရာ မင့်သီချင်းကလည်း …

ပိုက်ထွေး ။ ။ အစ်ကိုလေအိုးတို့က အနုပညာနဲ့ မိုင်ပေါင်းကုဋေလောက်ဝေးနေတော့ ရှင်းပြလည်း ဘယ်နားလည်မှာလဲနော် ဟုတ်တယ်မဟုတ်လား အစ်ကိုရွှေဂျိုး။

လေအိုးကို သာသာနှင့်နာနာ နှက်ပြီးနောက် ပိုက်ထွေး အဖျော်ကောင်တာဆီ ပြုံးပြုံးလေး ပြန်လစ်သွားလေသည်။ ထို့နောက် ရွှေဂျိုးက စကားစ ပြန်ဆက်လိုက်သည်။

ရွှေဂျိုး ။ ။ ကဲပါ ကိုလေအိုးရာ၊ အားအားရှိ ပိုက်ထွေးကိုပဲ ပြဿနာရှာမနေစမ်းပါနဲ့။ စကားအကောင်း ဆက်ကြရအောင်ပါ။ ဒီလိုဗျာ အမတ်မင်းတွေက ခုနက ခင်ဗျားတိုင်တဲ့ သံချပ်ထဲကလို ကတိတွေပေးတုန်းက ပေးပြီး အခုကျမှ ဘာဖြစ်လို့ ရူးချင်ယောင်ဆောင်နေရတာလဲဗျ။ ပြည်သူကပေးတဲ့ မန်းဒိတ်နဲ့ အစိုးရဖွဲ့ရမှာ သူတို့တာဝန်မဟုတ်လားဗျ။

လေအိုး ။ ။ အော်ဗျာ အဲဒီတုန်းက သူတို့လည်း ဒေါ်စုအရှိန်အ၀ါနဲ့ အာဏာကို လွယ်လွယ်ရမယ်ထင်ပြီး လျှာအရိုးမရှိ ကတိတွေ လျှောက်ပေးခဲ့တာနေမှာပေါ့။ ကလိန်ကကျစ် နအဖနဲ့ တကယ့်နဖူးတွေ့ဒူးတွေ့လည်း ရင်ဆိုင်ရရော အရည်အချင်းတွေ ပေါ်တော့တာနေမယ်ဗျ။ အာဏာရှင်ဆိုတာကတော့ ဖိနှိပ်မှာ၊ ရက်စက်မှာ သဘာဝပဲလေဗျာ။ သူ့အလုပ်ပဲဗျ။ အဲဒီကြားထဲကပဲ အစိုးရဖွဲ့နိုင်အောင် ကြံဆောင်ရမှာ အမတ်မင်းတွေ တာဝန်ပေါ့ဗျ။ အခုတော့ သူတို့က ရှေ့ကနေ မားမားမတ်မတ် ဦးမဆောင်ရဲတော့ ပြည်သူတွေ ကျောကော့အောင် ခံကြရတာပေါ့ဗျာ။

ရွှေဂျိုး ။ ။ အေးဗျာ … ကျုပ်တို့က ကိုယ့်ပြည်သူတွေ မြန်မြန်လွတ်မြောက်စေချင်လို့သာ အစိုးရဖွဲ့ပြီး တိုက်ပွဲဝင်ဖို့ တိုက်တွန်းနေရတာ။ အစိုးရဖွဲ့လေမလားဆိုပြီး လည်ပင်းရှည်အောင် မျှော်နေရတာ။ တော်ကြာ အမတ်မင်းတွေက ကျုပ်တို့ တွန်းလေ လန့်လေဖြစ်ပြီး နယ်စပ်ကို ထွက်လာ၊ ပြီးရင် IOM ကားပေါ်တက်ပြီး တတိယနိုင်ငံကို ဒိုးကုန်ကြလို့ လက်ပြနှုတ်ဆက်ရတာပဲ အဖတ်တင်နေပါဦးမယ်ဗျာ။ အရင်အမတ်တွေတုန်းကလည်း အခါခါ လက်ပြခဲ့ရလို့ လက်တောင် တော်တော်ညောင်းနေပြီဗျ ဟား ဟား ဟား။

လေအိုး ။ ။ အင်း အဲသလိုသာဆို ကျုပ်တို့လည်း ခုနက ပိုက်ထွေးဖွင့်တဲ့ သီချင်းလို “မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ ပြင်ဦးလွင်က မေ … အခါခါပင် လက်ကလေးပြကာ” ဆိုတဲ့ကိန်းဆိုက်ပြီပေါ့။ စိတ်ညစ်ပါတယ်ဗျာ။ သူတို့ကို မျှော်နေလည်း အပိုပဲဖြစ်တော့မယ်နဲ့တူပါရဲ့။ ကဲ … အိမ်ကနေ လေအိုးကို အမျှော်ဆိုက်နေမယ့် ချစ်ဇနီးပူပူနွေးနွေးဆီပဲ ပြေးတော့မယ်ဗျာ။ အကျိုးရှိမယ့်ဟာ လုပ်တာပဲ ကောင်းပါတယ် ဟဲ ဟဲ။

ပြောပြောဆိုဆို လေအိုးတယောက် “မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ … ပြင်ဦးလွင်က မေ … အခါခါပင် လက်ကလေးပြကာ …” ဟု ဆိုညည်းရင် စက်ဘီးပေါ်တက်ကာ ပြုံးပြုံးကြီး လက်ပြထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း အမတ်မင်းတွေအကြောင်း တွေးရင်း ကျနေသည့် ဆယ့်တကျပ် (အဲ …) စိတ်ဓာတ်ကို ပြန်ဆွဲတင်ပြီးသကာလ တင်းနေသည့် ဆီးအိမ်ကို ပြန်ပိန်အောင် စွမ်းဆောင်ရန်အလို့ငှာ ဆိုင်နောက်ဖေးသို့ ငိုင်လျှောက်ကလေး လျှောက်ခဲ့လေသည်တကား။ ။
Copy from http://www.khitpyaing.org/