Pages

Wednesday, May 12, 2010

ခြံစောင့်က ခြံစောင့်ပါဘဲ

ဒီကေဘီအေ တပ်ဖွဲ့ဝင်အားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်း
ရဲရင့် / ၁၂ မေလ ၂၀၁၀


နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဒီကေဘီအေအဖွဲ့အတွင်းမှ လက်မခံဘဲ ငြင်းဆန်နေသည့် တပ်မဟာ (၅) သည် ယမန်နေ့က နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံလိုက်ပြီဖြစ်သည်။

ဒီကေဘီအေဗဟိုနှင့် လက်အောက်ခံတပ်မဟာ (၅) တို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် တင်းမာမှုများသည် ပြီးဆုံးသွားပြီ ဖြစ်သည်ဟု ဒီကေဘီအေ အဆင့်မြင့်အရာရှိတဦးက ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ တပ်မဟာမှူး စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သောအဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံလိုက်သည့်အတွက် ဒီကေဘီအေဗဟိုနှင့် လက်အောက်ခံတပ်မဟာ (၅) တို့အကြား ဖြစ်ပေါ်နေသည့် တင်းမာမှု ပြီးဆုံးသွားပြီဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်မှူးချုပ်စောလားပွယ်နှင့် လက်အောက်ခံတပ်ရင်းမှူးများသည် မြ၀တီမြို့တွင် အရှေ့တောင်တိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းနှင့် အဖွဲ့ဝင်များထံတွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယမန်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ယခင်လက ဒီကေဘီအေအဖွဲ့အတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စ ဆွေးနွေးညှိနှိုင်းရေးအတွက် မြိုင်ကြီးငူဌာနချုပ်သို့ ပြန်လာရန် ဗဟိုမှဆင့်ခေါ်မှုကို စောလားပွယ်နှင့်အဖွဲ့က သွားရောက်ရန် ငြင်းဆန်ခဲ့သည့်နောက်ပိုင်း တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှလွဲ၍ ဗဟိုနှင့်လက်အောက်ခံတပ်မဟာနှင့် တပ်ရင်းတပ်ဖွဲ့များက ယခင်လအတွင်းက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဒီကေဘီအေ (၉၉၉) တပ်မဟာမှ တပ်မှူးတဦးက ပြောသည်။

ဗိုလ်မှူးချုပ်စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) လက်အောက်တွင် တပ်မဟာ(၅) ဗျူဟာ (၁) ခုနှင့် လက်အောက်ခံတပ်ရင်း (၅) ရင်းရှိပြီး စစ်သည်အင်အား (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။

ဒီကေဘီအေသည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရာတွင် ၎င်းတို့၏တပ်ဖွဲ့ဝင် အင်အား (၅,၀၀၀) ကျော်ကို (၁,၀၀၀) အထိ လျှော့ချရမည်ဟုလည်း သဘောတူညီချက်တွင် ပါရှိသည်ဟု ယင်းတပ်မှူးက ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) သည် ၁၉၉၄ ခုနှစ်တွင် ကေအန်ယူမှခွဲထွက်ခဲ့ပြီး နအဖနှင့် ပူးပေါင်းခဲ့သည့်အဖွဲ့ဖြစ်သည်။
Copy from www.khitpyaing.org