Pages

Tuesday, May 4, 2010

မင်္ဂလာဆောင် အသွင်းကြေးကို မပေးဆပ်နိုင်၍ ဘင်္ဂလီ အမျိုးသမီး ၂၂ ဦး ဧပြီ တလတည်းတွင် သတ်ဖြတ်ခံရ

မင်္ဂလာဆောင် အသွင်းကြေးကို မပေးဆပ်နိုင်၍ ဘင်္ဂလီ အမျိုးသမီး ၂၂ ဦး ဧပြီ တလတည်းတွင် သတ်ဖြတ်ခံရ
5/4/2010
(ထွန်းထွန်း) ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် အိမ်ထောင်ပြုစဉ် အမျိုးသမီးများဘက်က ပေးဆောင်ရမည့် အသွင်း ကြေးငွေများကို လင်ယောင်္ကျား ဖြစ်သူများထံ အကျေအလည် မပေးဆပ်နိုင်သဖြင့် ဧပြီလ တလအတွင်း အမျိုးသမီး ၂၂ ဦးကို ယောင်္ကျားဖြစ်သူများက သတ်ဖြတ်ပစ်ခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေး အဖွဲ့တခုက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော Bangladesh Society for the Enforcement of Human Right က ယမန်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် အဆိုပါ အမျိုးသမီး ၂၂ ဦးမှာ လင်ယောင်္ကျားများကို အသွင်ကြေးငွေ အကျေအလည် မပေးနိုင်သဖြင့် ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ဖေါ်ပြသည်။ ကျန် အမျိုးသမီး ၆ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရရှိသွားကြောင်း အစီရင်ခံစာက ဆိုသည်။

ဧပြီ တလတည်း အတွင်း တခြားအိမ်တွင်း အကြမ်းဖက်မူများ အပါအ၀င် အသွင်းကြေး မပေးနိုင်၍ ဘင်္ဂလာဒေခ်ျ့တွင် အသတ်ခံရသူ စုစုပေါင်း အမျိုးသမီး ၂၅ ဦးထိ ရှိခဲ့ပြီး ၁၉ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖေါ်ပြသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ ရိုးရာ ဓလေ့ ထုံးစံအရ အိမ်ထောင်ပြုရာတွင် အမျိုးသားများကို အမျိုးသမီးများက တင်တောင်းရပြီး ထိုသို့ တင်တောင်းစဉ် မင်္ဂလာ ခန်းဝင် ပစ္စည်းများ အပါအ၀င် တအိုးတအိမ်ထောင်ဖြင့် လုပ်ကိုင် စားသောက်ရန်အတွက် သိန်းနှင့် ချီသော ငွေကြးများကိုလည်း အမျိုးသမီး မိဘများဘက်က အမျိုးသားဘက်သို့ ပေးဆောင်ရသည်။

အိမ်ထောင်ပြုပြီး အမျိုးသမီးများဘက်က ပေးဆောင်ရမည့် အသွင်းကြေးငွေများကို ပေးဆောင်ရန် ပျက်ကွက်သဖြင့် လင်ယောင်္ကျားများက အမျိုးသမီးများကို မကြာခဏ သတ်ဖြတ်မူများ ရှိသည်။

နိရဉ္စရာမှ ဘင်္ဂလီ အမျိုးသမီး တဦးအား အိမ်ထောင်ပြုပုံ စနစ်အား မေးကြည့်ရာ သူမက ယခုကဲ့သို့ ပြောသည်။

“အမျိုးသမီး တယောက် အိမ်ထောင်ပြုတော့မယ် ဆိုရင် ကိုယ်လက်ထပ်မယ့် ယောက်ျားကို ဆင်းရဲချမ်းသာ၊ ပညာတတ် မတတ်အပေါ်မှာ မူတည်ပြီး ငွေကြေး အမြောက်အမြားနဲ့ တင်တောင်း ရပါတယ်။ ချမ်းသာပီး ပညာတတ်ဆိုရင် အဲဒီ ယောက်ျားကို အနည်းဆုံး တာကာငွေ သိန်းဆယ်နဲ့ ချီပီး ပေးရပါတယ်။ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းမှာ ကျတော့ အနည်းဆုံး တာကာ ၃ သောင်းကနေ ၇ သောင်း အထက်ပေးကြရပါတယ်။ ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးတွေ အဘက်ဘက်က အနှိမ်ခံနေရသလို ဖြစ်နေပါတယ်” ဟု ပြောသည်။

သို့သော်လည်း ယခုခေတ် လူငယ်များ အနေဖြင့် အိမ်ထောင်ပြုလျှင် အမျိုးသမီးများဘက်က ငွေကြေး အမြောက်အများဖြင့် ယောင်္ကျားဘက်ကို တင်တောင်းရသည့် စနစ်ကို ဆန့်ကျင် လာကြသော်လည်း ရှေ့ရိုးစွဲ ၀ါဒီများနှင့် ငွေကြေးတပ်မက်သူများက ယခုထက်တိုင် အသုံး ပြုနေကြသည်ဟု သူမက ပြောသည်။

တချို့ဆင်းရဲသော မိဘများ အနေဖြင့် သမီးမိန်းခလေး မွေးလာလျှင် အိမ်ထောင်ပြုသောအခါ ဒေ၀ါရီခေါ် ယောင်္ကျားဖြစ်သူအား အသွင်ငွေ အမြောက်အများ ပေးဆောင်ရမည်ကို သိသဖြင့် သတ်ဖြတ်ပစ်မူများပင် ရှိကြောင်း သိရသည်။

အဆိုပါ စနစ်ကို ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် လူ့အခွင့်အရေး အဖွဲ့များမှ ပြင်းပြင်းထန်ထန် ဆန့်ကျင် တိုက်ဖျက်နေသော်လည်း ဘင်္ဂလီ လူအဖွဲ့အစည်းကြားတွင် ထိုစနစ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေသဖြင့် ယခုအချိန်ထိ တိုက်ဖျက်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။