လေးစားမျှော်လင့်ခဲ့ရဘူးပါသော နိုင်ငံရေးသမား၊တော်လှန်ရေးသမားဆိုသောသူများခင်ဗျား ……
ကျွန်တော်က မဆလစစ်တပ်ရဲ့ ကြက်/၀က်/နွား လုယက် ၊ ပေါ်တာဆွဲမုဒိန်းကျင့် ၊ မထင်သလိုရိုက်နှက်သတ်ဖြတ်တာတွေကို နေ့စဉ်နှင့်အမျှ ကိုယ်တိုင်မြင်တွေ့ ခံစားခဲ့ရသူပါ ၊ ကျောင်းသားတွေဦးဆောင်ပီး ရှစ်ဆယ့်ရှစ်မှာအရေးခင်းဖြစ်တော့ ကျွန်တော်အရမ်းလေးစားအထင်ကြီးအားကိုးခဲ့တာပါ ၊ ကျောင်းသားတွေ အသေခံပြီးဆန္ဒတွေပြလို့ မဆလဦးနေ၀င်းကြီးပြုတ်ကျပီဆိုတော့ အားရ၀မ်းသာစိတ်ဖြစ်လိုက်ရတာများဗျာ….။
စစ်တပ်ကပစ်သတ်အာဏာသိမ်းလို့ ကျောင်းသားတွေသေလိုက်ကြတာဆိုတော့ သူတို့မိသားစုတွေကိုယ်စားခံစားမိပြီး တောက်ခေါက်ဒေါသလဲထွက်ခဲ့ဘူးပါတယ် ၊ ပြန်ခံချရအောင် ကျောင်းသားတွေတောခိုကြတယ်ဆိုတော့လဲ လေးစားလိုက်ရတာဗျာ ၊ ငါတို့ပြည်သူတွေအတွက် ဘ၀တွေအသက်တွေကိုစတေးပြီး တိုက်ပွဲဝင် ပေးနေတဲ့သူတွေဆိုပြီး အထင်ကြီးအားကျလိုက်ရတာ ၊ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ကိုဖမ်းသွားပြီ ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းသွားပြီဆိုတော့လဲ သူတို့တွေနဲ့နှိုင်းယှဉ်ပြီး နိုင်ငံရေးသမားဆိုတာ ငါတို့ပြည်သူတွေအတွက် မိတကွဲဘတကွဲဘ၀တွေပျက်ခံပြီး ၊ အဘက်ဘက်ကအနစ်နာခံကိုယ်ကျိုးစွန့်ပြီး လုပ်နေ သူတွေလို့ အရမ်းကြည်ညိုခဲ့တာပါ……။
“ဒါဆိုလဲ ..မင်းကိုယ်တိုင်လဲလုပ်ပေါ့ကွာ”လို့ ခင်ဗျားတို့ ပြောချင်မှာပေါ့ ၊ လုပ်ချင်တာပေါ့ဗျာ ၊ ဒါပေမဲ့ လူတိုင်းဟာ လိုက်ပါနိုင်တဲ့ပုံသဏ္ဍာန်ကွဲပြားကြတာပါပဲ ၊ ခင်ဗျားတို့ထဲမှာတောင် လူမှုရေးအသင်းဖွဲ့တွေလောက်အလုပ်မှာတင်ပီးနေတဲ့သူတွေ ၊ ကျောင်းသားအဖွဲ့ဆိုပီးလုပ်နေတာတွေ ၊ ပါတီဝင်ဆိုပီးလုပ်နေတာတွေ ၊ လက်နက်ကိုင်ပီးပြန်ချကြတာတွေ အမျိုးမျိုးဖြစ်နေတာမလား ၊ ကျွန်တော်လဲ ကျွန်တော်နိုင်သလောက်တော့ ပါခဲ့လုပ်ခဲ့ဘူးတာပေါ့ ၊ ခင်ဗျားတို့ကို လက်ခုတ်တီး အားပေးတယ်ဗျာ ၊ စစ်တပ်လိုက်ဖမ်းလို့ပြေးရသူတွေကို ၀ှက်ပေးတယ်ဗျာ ၊ ခင်ဗျားတို့အတွက် ကျွန်တော့ချွေးနဲစာလေးထဲကနေ ထမင်းထုတ်ဝေရေဘူးကမ်း လုပ်တယ်ဗျာ ၊ ခင်ဗျားတို့ကိုချီးမွမ်းခန်း အရပ်တကာလည်ပြောဘူးတယ်ဗျာ ၊ ကဲ..ဒါကျွန်တော်တတ်နိုင်သလောက် လုပ်ခဲ့တာထင်တာပါပဲ ၊ မိသားစုဘ၀အခြေနေ ကြောင့် ကိုယ်တိုင် လက်သီးဆုတ်ဆန့်တန်း ဒို့အရေးအော်ဆန္ဒမပြဘူးပေမဲ့ ၊ ကိုယ်တိုင်သေနတ်ကိုင်ပြန်မချဘူးပေမဲ့ ၊ ခင်ဗျားတို့ကိုကူညီတဲ့နည်းနဲ့တော့ အားပေးပါဝင်ခဲ့တာပါပဲ ..။
ခုတော့ဗျာ..၂၂နှစ်ဆိုတဲ့အချိန်ကာလက ခင်ဗျားတို့ကိုပြောင်းလဲပလိုက်ပီပဲ ၊ ခင်ဗျားတို့သမိုင်းတွေကို ဒီကာလထဲမှာ ခင်ဗျားတို့ဘာသာပဲ ပြန်ဖျက်ဆီးနေကြပီ ပဲဗျာ..၊ ဗမာပြည်ထဲမှာထောင်ကျနေတဲ့သူတွေနဲ့ တောထဲမှာသေခဲ့ပီးတဲ့သူတွေကလွဲရင် ခုဘယ်မှာလဲသေနတ်ကိုင်ပြန်ချနေတဲ့ရှစ်ဆယ့်ရှစ်ကျောင်းသား ၊ ဘယ်မှာလဲ ကိုယ်ကျိုးစွန့်အနစ်နာခံနေပါတယ်ဆိုတဲ့သူတွေ ၊ မဆလခေတ်ကကောင်စီလူကြီးတွေလို အခွင့်ထူးခံနေသူတွေကိုပဲတွေ့နေရတော့ ရွှေ့ပြောင်း အလုပ်သမားတွေကြား နိုင်ငံရေးသမားချီးမွမ်းခန်းဖွင့်ပြောတဲ့ကျွန်တော့စကားတွေ ၊ ပုံပြင်လိုလို ပျက်လုံးလိုလို လှောင်ပြုံးခံနေရလေရဲ့..။
ဘယ်မှာလဲ ခင်ဗျားတို့လုပ်နေတဲ့နိုင်ငံရေး ၊ ဘယ်မှာလဲတော်လှန်ရေး ၊ ဘယ်ရောက်သွားပီလဲ ၊ လက်တွေ့အလုပ်မပြောနဲ့ နိုင်ငံရေးစကားတောင် ၀တ်ကျေတန်း ကျေ (ခင်ဗျားတို့ရနေတဲ့အထောက်အပံ့တွေ ရပ်မသွားယုံလောက်)ပြောနေကြတာမဟုတ်လား ၊ တချို့ကသွားပီ ၊ နိုင်ငံတကာမှာ ရောက်သွားကုန်ပီ ၊ ဗမာပြည်နဲ့ မိုင်ထောင်ချီဝေးတဲ့နေရာမှာသွားနေပီး ဒီစစ်တပ်ကိုဘယ်လိုပြန်တိုက်မှာလဲ ၊ ကိုယ့်ဘာသာကျောင်းတွေတက် စီးပွားရေးတွေလုပ်နေကြပီး အင်တာနက်ပေါ်မှာ ကိုယ်ရေသွေးပြ ၊ ရန်ဖြစ်ကြနဲ့ ၊ ဆယ်ရေးတရေးကိုးရေးတခါ သံရုံးရှေ့ဆန္ဒပြတာထက်ပိုမလာတော့ဘူး ၊ ဗမာပြည်သူတွေရဲ့အခြေနေမှန်ကိုလဲ အင်တာနက်ပေါ် တွေ့သလောက်နဲ့ရမ်းဝေဖန်နေတာထက်ပိုပြီး မသိတော့ဘူး ၊ ပြောကြည့်စမ်းပါဗျာ ခင်ဗျားတို့နိုင်ငံတကာရောက်သူတွေဆက်လုပ်နိုင်မဲ့ နိုင်ငံရေးအလုပ်တွေကို..။
ကျွန်တော်တို့က ၇ှစ်ဆယ့်ရှစ်မှာထဲကခင်ဗျားတို့ကိုထောက်ခံခဲ့တာပါ ၊ ၁၉၉၀မှာလဲ ကျောင်းသားတွေရဲ့ခွပ်ဒေါင်းအလံကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါတီကိုပဲ မဲပေးခဲ့တာပါ ၊ အဲဒီယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ဖျက်ဆီးခဲ့တဲ့အတွက် ခင်ဗျားတို့ကနေ့ထိမအောင်မြင်တာ ၊ ကျွန်တော်တို့လဲသူများနိုင်ငံမှာ ခုလိုကျွန်ဖြစ် နေသေးတာပါ ၊ ငြင်းမလား ၊ ငြင်းရဲတဲ့သူရှိလား ၊ ကျွန်တော်တို့မဲဆောက်ဟာ နိုင်ငံရေးမြို့တော်ပဲ ၊ နိုင်ငံရေးသမား ၊ တော်လှန်ရေးသမားပါဆိုတဲ့လူတွေ အကုန် ရှိတယ် ၊ အဖွဲ့အစည်းအကုန်ရှိတယ် ၊ စစ်တပ်မကောင်းဘူး ၊ ဗမာပြည်ကအစိုးရမကောင်းဘူး ၊ ဒါကြောင့်ငါတို့ဒီမှာ လူမျိုးခြားတွေစော်ကားခံပြီးကျွန်ဖြစ်နေရတာ ဆိုတာကိုသိတဲ့ ကျွန်တော်လိုအလုပ်သမား သိန်းနဲ့ချီရှိတယ် ၊ ဗမာပြည်ကပြည်သူတွေမပြောနဲ့ မဲဆောက်မှာရှိတဲ့ အလုပ်သမားတွေကိုတောင်မစည်းရုံးနိုင်လို့ ၊ ယုံကြည်လေးစားအောင်မနေကြလို့ ခင်ဗျားတို့ကနေ့ထိမအောင်မြင်တာ ။
ဘာထူးလဲ ၊ ကျွန်တော်တို့မဲဆောက်ကအလုပ်သမားတွေအမြင်မှာ အဖွဲ့အစည်းကလူ ( နိုင်ငံရေးသမား ၊ တော်လှန်ရေးသမား )ဆိုတာတွေဟာ အခွင့်ထူးခံတွေပဲ ၊ လူထူးတွေပဲ ၊ ကျွန်တော်တို့နဲ့ ဘ၀တွေတခြားစီပဲ ၊ ကျွန်တော်တို့က ဘတ်၇၀၀/၈၀၀တန်အခန်းလေးတွေကို နှစ်ဦးသုံးဦးစုနေကြရတယ် ၊ ခင်ဗျားတို့တွေက တစ်ဦးကို ဘတ်၂၀၀၀ကနေသောင်းချီတန်တဲ့အိမ်တွေခြံတွေနဲ့နေနိုင်တယ် ၊ ခင်ဗျားတို့အိမ်တွေတိုင်းမှာ တီဗွီ,အောက်စက်,ရေခဲသေတ္တာ,အ၀တ်လျှော်စက် ဇိမ်ခံ ပစ္စည်းတွေအကုန်ရှိတယ် ၊ ဆိုင်ကယ်တ၀ီဝီနဲ့သွားလာနေကြတယ် ၊ တချို့ဆို ဘတ်သန်းချီတန်တဲ့ကားကြီးတွေနဲ့ (တခါတခါ ကျွန်တော်တို့ အလုပ်သမားတွေကို မတူမတန်သလိုနှိမ်ချတဲ့အကြည့်တွေနဲ့ ကားပေါ်ကနေလှမ်းကြည့်နေတတ်သေးတယ်) ၊ ခင်ဗျားတို့သားသမီးတွေကို ကျွန်တော်တို့အလုပ်သမားသားသမီးတွေ အတွက်ဖွင့်ပေးထားတာပါဆိုတဲ့ ခင်ဗျားတို့ ကိုယ်တိုင်ထူထောင်ထားတဲ့ ကျောင်းတွေမှာတောင် တန်းတူမထားကြပါဘူး ၊ ထိုင်းကျောင်း ၊ တရုပ်ကျောင်း ၊ အင်တာနေရှင်နယ်ကျောင်းဆိုတာတွေမှာပဲထားကြတယ် ၊ ပစ္စည်းမဲ့လူတန်းစားအရေး ၊ အလုပ်သမားအရေးကြွေးကြော်ခဲ့ဘူးတဲ့ ကွန်မြူနစ်ဆိုသူကြီးတွေက အစပဲလေ ၊ ကျွန်တော်တို့က တလဘတ်၂၀၀၀လောက်ရဘို့ သူများကျွန်အဖြစ် အချိန်ပြည့်ပင်ပင်ပန်းပန်းလုပ်နေရချိန်မှာ ခင်ဗျားတို့က လစာငါးထောင်တစ် သောင်း သက်တောင့်သက်သာရနေကြတယ် ၊ ကျွန်တော်တို့က တနပ်ငါးဘတ်နဲ့ဝအောင်စားနေချိန်မှာ ခင်ဗျားတို့ကဆိုင်ကြီးဆိုင်ကောင်းတွေမှာ ဘတ်ရာကျော် အကုန်ခံစားနေကြတယ် ၊ ကုန်ကုန်ပြောရရင်ဗျာ ၊ ကျွန်တော်တို့အလုပ်သမားတွေ မရောက်နိုင်မသွားနိုင်တဲ့ ကာရာအိုကေ နိုက်ကလပ် ၊ ဖာရုံ ၊ အနှိပ်ခန်း ၊ ဘီယာဆိုင်ကြီးတွေကို ခင်ဗျားတို့ပဲ ညတိုင်းလိုသွားနိုင် နေနိုင်ကြတယ် ၊ ကဲ..ပြော ၊ ဘယ်မှာလဲ ခင်ဗျားတို့ကိုယ်ကျိုးစွန့်နေကြတာပါဆိုတာ ၊ ကျွန်တော်တို့ ပြည်သူတွေအတွက် အနစ်နာခံနေကြပါတယ်ဆိုတာ ဘယ်နေရာမှာမှမတွေ့ရတော့ဘူး ၊ ခင်ဗျားတို့ကရော ကျွန်တော်တို့ဆန့်ကျင်ရမဲ့ စစ်ဗိုလ်ချုပ်အသိုင်း အ၀ိုင်းက လူတွေရဲ့နေထိုင်မှုမျိုးတွေနဲ့ ဘာကွာတော့လဲ ၊ ဒါပဲ ၊ ကျွန်တော်တို့က စစ်တပ်အစိုးရမကောင်းမှန်းသိပါရဲ့ မဆန့်ကျင်ကြသေးတာ ၊ ခင်ဗျားတို့ကိုပါ မယုံတော့လို့ပဲ ..။
ကျွန်တော်တို့အမြင်မှာ ခင်ဗျားတို့ဟာ ကျွန်တော်တို့ကိုပြလုပ်စားနေသူတွေပဲ ၊ မယုံဘူး ၊ စစ်တပ်ကိုနာကျည်းသလို ခင်ဗျားတို့ကိုလဲ မယုံကြတော့ဘူး ၊ ခင်ဗျားတို့ ဘာကော်မတီ ၊ ဘာအဖွဲ့ဆိုပြီး တရားတွေလာဟော ဆွေးနွေးပွဲတွေလုပ် လုပ်နေတာ အလုပ်ရုံတရုံတရုံချင်းမှာရှိတဲ့ဦးရေထဲက ဆယ်ရာခိုင်နှုန်းပြည့်အောင် တလေးတစားလာနားထောင်ကြရဲ့လား ၊ အဲဒီပွဲကိုပြပြီး ခင်ဗျားတို့အလှုခံစားမှာ ကျွန်တော်တို့သိနေပြီ ၊ ခင်ဗျားတို့ပြန်သွားပြီးရင် “အအေးလေးတလုံးနဲ့ အားနာပါးနာနားထောင်ပေးနေလိုက်ရတာ မတန်လိုက်တာဟယ် ၊ ဘာမှလဲဟုတ်တာမဟုတ်ဘူး ၊ သူတို့များဦးဆောင်ပြီးဝင်တိုက်မှာလားလို့၊ အလကားဟာတွေ” လို့ ပြောကျန်နေခဲ့ကြတာ ကြားနေရတဲ့ ခင်ဗျားတို့ကိုလေးစားခဲ့ဘူးတဲ့ကျွန်တော် ရှက်လိုက်တာဗျာ ၊ လာဟောပြောတဲ့ဆရာကြီးတွေကို ညဘက်ကျ ဖာရုံထဲဝင် သွားတာ ၊ အရက်ဆိုင်ကြီးတွေထဲကနေထွက်လာတာတွေ တွေ့ရတော့ ပိုဆိုးကုန်ရောပေါ့ ။
နလပိန်းတုံးတွေလို့ခင်ဗျားတို့ထင်နေတဲ့ ကျွန်တော်တို့အလုပ်သမားတွေက အားလုံးသိပါတယ်ဗျာ ၊ ကျွန်တော်တို့ပြည်သူတွေကိုဆက်အနိုင်ကျင့်ဘို့ သူတို့အာဏာ တည်မြဲဘို့ ရွေးကောက်ပွဲလုပ်မှာလဲသိပါတယ် ၊ အဲဒီရွေးကောက်ပွဲကိုဆန့်ကျင်သင့်တာလဲသိပါတယ် ၊ သံဃာသတ်ထားတာလဲသိပါတယ် ၊ သန်းရွှေအပါအ၀င် အာဏာရူးတွေပြုတ်မှ ကိုယ့်တိုင်းကိုယ့်ပြည်မှာ လုပ်ကိုင်စားနိုင်မှာလဲသိပါတယ် ၊ ခက်တာက ခင်ဗျားတို့ နိုင်ငံရေးသမား ၊တော်လှန်ရေးသမား နာမည်ခံထားသူ တွေက အကျင့်ကောင်းကောင်း လမ်းကြောင်းမှန်မှန်ဦးဆောင်ဘို့ပါပဲ ၊ ခင်ဗျားတို့အခန်းအနားတွေလုပ်တိုင်းဖွင့်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းလိုပေါ့ ၊ “ခင်ဗျားတို့ကိုယ်ကို စည်းကမ်းရှိကြဘို့ အခုထဲက စောက်ကျင့်တွေ အကျင့်ဆိုးတွေ ပြင်ကြဘို့လိုပီ”ဆိုတာမျိုး ခင်ဗျားတို့ပြန်ပြင်ရင် ရှစ်ဆယ့်ရှစ်လို ခင်ဗျားတို့ကို ထောက်ခံဘို့ ခင်ဗျားတို့နောက်ကလိုက်ပါဘို့ ကျွန်တော်တို့အသင့်ပါပဲ…။
စားကောင်းသောက်ဖွယ်တွေစားကာနီးတိုင်း ထောင်ထဲမှာအနေဆင်းရဲအစားဆင်းရဲဖြစ်နေမဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့မျက်နှာတွေ ၊ ငတ်မွတ်ခေါင်းပါးနေတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ဘ၀တွေ မြင်ယောင်ပါဗျာ ၊ ဖာရုံဘက်ကိုခြေမလှမ်းခင် ၊ အရက်ပုလင်းကိုမဖွင့်ခင် စစ်တပ်ရဲ့ရက်ရက်စက်စက်ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့မျက်နှာတွေ ၊ သူတို့သွေးနဲ့ရေးခဲ့ရတဲ့သမိုင်းတွေ မြင်ယောင်ပါဗျာ ၊ ကိုယ့်ကိုယ်ကိုယ်ဘာလဲ ၊ ဘာလုပ်မှာလဲ ၊ ပြန်စဉ်းစား ကြည့်ကြပါ ၊ ရှစ်ဆယ့်ရှစ်ကာလတွေကလို ခင်ဗျားတို့ကို ပြန်လေးစားပါရစေဗျာ….။
ကျွန်တော်တို့ကိုဦးဆောင်မှုပေးပါ ၊ ယုံကြည်လေးစားရလောက်တဲ့ နေထိုင်မှုတွေနဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ဦးဆောင်မှုပေးကြပါဗျာ…။
(မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး-မဲဆောက်)
Monday, August 16, 2010
ကဲ ...... မိမိကိုယ်မိမိ ဘာလဲဆိုတာကို စဉ်းစားလိုက်ကြပါ
Labels:
လေ့လာသုံးသပ်ချက်