Pages

Thursday, July 29, 2010

ထိုလုပ်ရပ်များ အောင်မြင်မည်လို့ သင်ထင်မြင်ယူဆပါသလား၊ လုပ်သင့်ပါသလား

စစ်အစိုးရ၀ါဒဖြန့်ဇာတ်ကားရိုက်သူများ၊ ပါဝင်သူများကို ဗီဇာပိတ်ရန်နှင့် သပိတ်မှောက်ကြရန်
ဝါရှင်တန်မက်ထရိုရောက် မြန်မာအသိုင်းအ၀န်းက တောင်းဆိုလိုက်ပြီ
မိုးမခအထောက်တော် ၀၀၂
ဇူလိုင် ၂၈၊ ၂၀၁၀
ယခုနှစ်အတွင်း လူပြောများသည့် စစ်အစိုးရ၀ါဒဖြန့် ရုပ်သံဇာတ်ကားတခုဖြစ်သော “အရုဏ်ဦးမှာဖူးသည့်ကြာ” တွင် ပါဝင်သူ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်သူများကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ရန် မြန်မာအသိုင်းအ၀န်းက တောင်းဆိုကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၊ ၀ါရှင်တန် နိုင်ငံခြားရေးရုံးနှင့် ၀ါရှင်တန်မြန်မာ့အရေးဌာန (Burma Desk) တို့ထံ လက်မှတ်ထိုး စာပို့လိုက်သည်ဟု သိရသည်။
စစ်အစိုးရ၏ လူအခွင့်ရေးချိုးဖောက်မှုများ၊ စစ်ရာဇ၀တ်မှုများကို ဖုံးကွယ်လိမ်ညာခြင်း၊ နိုင်ငံတကာမိသားစုများ အစဉ်တဆက်ထောက်ခံသည့် မြန်မာပြည်သူလူထု၏ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုများ၊ တောင်းဆိုမှုများ၊ စွန့်လွှတ်အနစ်နာခံမှုများကို ကန့်ကွက် ရှုတ်ချရန် လုပ်ဆောင်ခြင်းတို့ကြောင့် မြန်မာပြည်သူလူထု အများစု၏ အကျိုးစီးပွားနှင့် အလိုဆန္ဒကို ဆန့်ကျင်သော အဆိုပါရုပ်ရှင်ရိုက်ကူးသူ၊ ပါဝင်သူ၊ သရုပ်ဆောင်သူများကို ဒဏ်ခတ်ရန်၊ ပိတ်ဆို့ရန်၊ ခရီးသွားလာခွင့်များကို ပိတ်ပင်ရန် တောင်းဆိုကြောင်း၊ နိုင်ငံတကာရှိ မြန်မာအသိုင်းအ၀န်းကလည်း အဆိုပါ ထိုသူများကို သပိတ်မှောက်ရန်၊ ကန့်ကွက်ကြရန် နှိုးဆော်တိုက်တွန်းကြောင်း ၎င်းဝါရှင်တန်မက်ထရို မြန်မာမိသားစုများက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ မှာ စစ်အစိုးရရဲ့ အလိုကျ မတရားစီရင်တဲ့ တရားသူကြီးကို ဥရောပသမဂ္ဂ ဒဏ်ခတ်ခဲ့တယ်။ (သတင်းကို ဒီမှာကြည့်ပါ - http://moemaka.com/index.php?option=com_content&task=view&id=4635&Itemid=1 )
စစ်အစိုးရ အလိုကျ ၀ါဒဖြန့်ချိသူတွေ၊ ဒီမိုကရေစီဘက်တော်သားတွေကို လက်နက်နဲ့ ဖိနှိပ်တာအပြင် အခြားကိရိယာတွေဖြစ်တဲ့ ငွေကြေးတွေ၊ အနုပညာတွေ၊ အသိပညာ၊ အတတ်ပညာတွေနဲ့ စစ်အစိုးရဖက်က ပင်းပြီး ဖိနှိပ်တိုက်ခိုက်သူတွေကိုလည်း စစ်အာဏာရှင်တွေနဲ့ တတန်းတည်း ထားပြီး ကျနော်တို့တတွေက ဆန့်ကျင်ရလိမ့်မယ်” ဟု ၀ါရှင်တန်မက်ထရိုက မြန်မာတဦးက ပြောသည်။
“မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ အင်န်အယ်ဒီက ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူးလို့ ပြောလိုက်ပြီးပြီ။ ဒါက စစ်အစိုးရဟာ မတရား အဓမ္မမှုတွေ လုပ်နေတာကို သက်သေပြလိုက်တာ။ ဒါ့အပြင် ပြည်သူ့ဂုဏ်ရည် (ဦး) ကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကလည်း နိုင်ငံရေးတွေ ၀င်မလုပ်ဘူးလို့ ဂျာနယ်တွေမှာ ထုတ်ပြောထားတယ်။ အနုပညာသည်တဦးဖြစ်တဲ့ (ဦး) စိုင်းခမ်းလိတ်မိသားစုဆိုရင် ဒီနေ့ပဲ ရှမ်းသံတော်ဆင့်က တဆင့် သတင်းကြားတယ်။ ကျန်းမာရေးမကောင်းလို့ ကြံ့ဖွတ်ရွေးကောက်ပွဲကို မ၀င်ပါရစေနဲ့ တဲ့။ လူထုစိန်ဝင်းက ဆိုရင် ဒီမိုကရေစီယိမ်းထဲ ၀င်မပါရစေနဲ့၊ နိုင်ငံရေးဆောင်းပါးတွေ ရေးတာမျိုးတွေကို ယာယီ ရပ်တန့်မယ်လို့ ထုတ်ပြောတယ် (http://moemaka.blogspot.com/2010/06/ludu-sein-win-stops-writing-politics.html) ။ ဒီလိုမျိုး တိုင်းပြည်ဂုဏ်ဆောင်တွေက ပြောဆိုနေတာကိုတောင် အဲသည်က ရုပ်ရှင်၊ ဗီဒီယို သမားတွေ၊ မင်းသား၊ မင်းသမီးတွေက တိုင်းပြည်မျက်နှာ၊ ပြည်သူမျက်နှာကို ကြည့်ပြီး အလိမ္မာသုံးပြီး မရှောင်ရှားနိုင်ကြဘူးလား၊ မငြင်းပယ်ဝံ့ကြဘူုးလား လို့ မေးချင်တယ်”
ဟု မေရီလန်းက မြန်မာ့ရုပ်ရှင်ဝါသနာရှင်တဦးက မိုးမခကို သဘောထားကို ပြောပြသည်။
ဝါရှင်တန် မက်ထရို မြန်မာအသိုင်းအ၀န်း၏ တောင်းဆိုသောစာတွင် ၎င်းတို့ ရှုတ်ချ၊ ဆန့်ကျင်သော စစ်အစိုးရအလိုတော်ရိ အနုပညာသည်များ၊ မင်းသား၊ မင်းသမီးများ၊ ရုပ်ရှင်ဗီဒီယိုသမားများ စာရင်းကိုပါ အတိအကျ ထည့်သွင်းထားသည်ကို တွေ့ရသည်။
၎င်းတို့ ထုတ်ပြန်သော စစ်အာဏာရှင်အလိုတော်ရိ အနုပညာသည်များ စာရင်းမှာ -
ဒါရိုက်တာ တင်သန်းဦး၊
သရုပ်ဆောင်များ - လွင်မိုး၊ ကျော်ရဲအောင်၊ ဝေလုကျော်၊ လူမင်း၊ အောင်ခိုင်၊ ခန့်စည်သူ၊ ပြေတီဦး၊ နေတိုး၊ ရဝေအောင်၊ ဖြိုးငွေစိုး၊ ကျော်ဇေယျ၊ အောင်ဇော်၊ နန္ဒ၊ မင်းရာဇာ၊ ဖုန်းရှိန်၊ မိုးယံဇွန်၊ ကောင်းခန့်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ အရိုင်း၊ ကုသိုလ်၊ ငှက်ပြောကြော်၊ အောင်ကျော်မင်း၊ ညီနိုင်၊ ထက်မိုး၊ ကျော်စစ်၊ စိန်သန်း၊ ဧရာ၊ သတိုးစော၊ စိုင်းအောင်တင့်၊ အုန်းသီး၊ ဗေဒါ၊ စိုပြေ၊ မော်ကြီး၊ ကျော်မင်း၊ စပ်စု၊ ကျော်မင်း၊ ကိုကိုဦး၊ ကျားကြီး၊ ထက်အောင်၊ ကောင်းကျော်၊ ပျံလွှား …
သရုပ်ဆောင်အမျိုးသမီးများ - ဆွိ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒာကျော်ဇင်၊ မြတ်ကေသီအောင်၊ ၀ါဝါအောင်၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ သက်မွန်မြင့်၊ မိုးဟေကို၊ မယ်လိုဒီ၊ ၀ိုင်းစုခိုင်သိန်း၊ မိုးယုစံ၊ မေသက်ခိုင်၊ ရတနာမယ်၊ ပြည်ဖြိုးခိုင်၊ အေးမြတ်သူ၊ မေကဗျာ၊ ဆုမြတ်သိင်္ဂီ၊ မေဦးခိုင်၊ ခင်မို့မို့အေး၊ ဂွမ်းပုံကြီး၊ ဂွမ်းပုံလေး၊ သဇင်ထွန်း၊ အိတုံ၊ မေလဲ့ …
စီစဉ်သူများ - တက္ကသိုလ် မြတ်သူ၊ ဦးဝင်းတင်၊ ဦးကိုကိုလှိုင်
ထုတ်လုပ်သူ - အေးလွင်
ဇာတ်ညွှန်း - လှိုင်းအောင်
လက်ထောက်ဒါရိုက်တာ - ဘုန်းဝေ၊ အောင်ကျော်မင်း၊ ဇင်မင်း
တို့ဖြစ်သည်ဟု ရေးသားထားသည်။
ထိုဇာတ်ကားဖြစ်မြောက်ရေးအတွက် ငွေကြေးထောက်ခံကြသူ အဖွဲ့အစည်းများစာရင်းကိုပါ ပူးတွဲဖော်ပြထားရာ၊ ထိုအဖွဲ့အစည်းများ၏ တာဝန်ခံများကိုပါ အရေးယူ ပိတ်ဆို့ရန် တောင်းဆိုသည် သဘောဖြစ်သည်ဟု ဆိုနိုင်သည်။
၎င်းတို့မှာ - ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့တပ်မတော် ကြည်း၊ နေပြည်တော် စစ်ဌာနချုပ်၊ ရန်ကုန်စစ်ဌာနချုပ်၊ ဗဟိုစစ်ဦးစီးရုံး၊ အနောက်တောင်ပိုင်း စစ်ဌာနချုပ်၊ မြန်မာကာကွယ်ရေး စက်မှုလုပ်ငန်း၊ မြန်မာ့ဦးပိုင်၊ နအဖအဖွဲ့ (ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ)၊ ၀န်ကြီးဌာနများ (ဆည်မြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပြည်ထဲရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ သစ်တော)၊ စည်ပင်သာယာရေးဌာနများ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)၊ ခြေမြန်တပ်ရင်း အမှတ် ၉၅၊ ဟိုတယ်ယူနီဗာစ်၊ ဟိုတယ်မန္တလေး၊ ဂရိတ်ဝေါဟိုတယ်၊ ဆီးလဗားဗျူးဟိုတယ်၊ ဘေးအော့် ဘန်းဂေါ ဟိုတယ်၊ Sunny Paradise Emerald Sea Resort, ယုဇနဟိုတယ်၊ Ambo ဟိုတယ်၊ မြန်မာ့ရုပ်ရှင်အစည်းအရုံး၊ မြန်မာ့ဂီတအစည်းအရုံး၊ စာရေးဆရာ ဆူးငှက်၊ ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေး၊ Three Golden Umbrellas Jwel Store (မန္တလေး) နဲ့ န၀ရတ်ရွှေဇင် ရုပ်ရှင်ထုတ်လုပ်ရေး
တို့ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ကို ပြည်ပရောက် မြန်မာတို့ အားပေးနိုင်ရန်အတွက် ဘားမိ့ကလပ်စစ် (အင်တာနက်ဝက်ဆိုက်တခု) က မေတ္တာဖြင့် တင်ဆက်ထားသည်ကို တွေ့ရသည်။
ပြည်ပရောက် မြန်မာအသိုင်းအ၀န်းများကလည်း ၎င်းတို့ ချစ်ခင်အားပေးသည့် မြန်မာအနုပညာသည်များကို မေတ္တာရပ်ခံ တိုက်တွန်းပေးကြစေလိုကြောင်း၊ ပရိသတ်က ချစ်ခင်အားပေးမှုမှာ အနုပညာရှင်တို့၏ ပါရမီနှင့် စေတနာတို့ကြောင့်ဖြစ်ကြောင်း၊ စစ်အစိုးရ၏ အာဏာစက်များ၊ လက်နက်များ၊ တံစိုးလက်ဆောင်ကြီးများကို ခံယူသော အနုပညာသမားများထက် ပြည်သူချစ်သော အနုပညာသည်များအဖြစ် ရဲရဲရင့်ရင့် ခံယူစေလိုကြောင်း၊ အခက်အခဲများ ခြိမ်းခြောက်မှုများကို ထုတ်ဖော်ပြောဆိုခြင်း၊ လူထုကို အသိပေးခြင်းဖြင့် ပြည်သူ၏ ၀ိုင်းဝန်းရပ်တည်မှုကို ပိုမိုရရှိမည် ဖြစ်ကြောင်း ၀ါရှင်တန် မက်ထရို မြန်မာမိတ်ဆွေတဦးက တိုက်တွန်းလိုက်သည်။
ယခင်က စစ်အစိုးရပေါ်လစီဇာတ်ကားများ ရှိခဲ့ပြီး ထိုဇာတ်ကားများတွင် ရိုက်ကူးကြသည့် ပညာသည်များမှာ ရေရှည်အောင်မြင်မှုများ ရကြသည်ကို မတွေ့ရပေ။ ပရိသတ်က သောင်းသောင်းဖျဖျ အားပေးသည့် ပညာသည်များအဖြစ်က ကျဆင်းပြီး သာမန်ရိုးကျ လူသိများသော ပညာသည်အဖြစ်သာ ဆက်လက်ရပ်တည်နေကြသည်ကို တွေ့ရသည်။ ထိုပညာသည်များသည် လူသိများ ထင်ရှားသော်လည်း ပရိသတ်၏ “လေးစားကြည်ညိုမှု”ကို ရယူနိုင်သည့် စံနမူကို ၎င်းတို့ဆုံးရှုံးကြရသည်။
“အနုပညာတို့ ရုပ်ရည်တို့ စန်းတို့၊ အမူအရာတို့ ဘာတို့တော့ ကြိုက်ကြမှာပေါ့ဗျာ။ အပြင်မှာတော့ လူတွေက အထင်ကြီးတာ၊ လေးစားတာမျိုး မရှိပါဘူး။” ဟု ၎င်းက မှတ်ချက်ပေးသည်။
ဝါရှင်တန်မက်ထရို မြန်မာအသိုင်းအ၀န်းက ထုတ်ပြန်သော စာကို သည်နေရာမှာ ကြည့်ပါ။
http://www.scribd.com/doc/35004245/Letter-Lotus-at-Dawn-Film
Copy from http://www.moemaka.com/