” ငှက်ဆိုတာ တနေရာတည်းမှာ အခါခါနားရင်တော့ လေးသီးတော့ ထိမှာဘဲ ”
” ကိုလာရင် ကြိုမှာလား ”
ရွှေဂျိုးတယောက် စက်ဘီးစုတ်ကလေးကို ဒေါက်ထောက်ပြီးနောက် လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ထဲသို့ လှမ်းဝင်မည် ဟန်ပြင်ရုံရှိသေး ထိုင်နေကျ စားပွဲဝိုင်းတွင် ပါးစပ်တပြင်ပြင် ဖင်တကြွကြွ ဖြစ်နေသည့် လေအိုးကို တွေ့ရသည်။
ရွှေဂျိုး ။ ။ ပါးစပ်တပြင်ပြင် ဖင်တကြွကြွနဲ့ ဘယ်လိုဖြစ်နေတာလဲ ကိုလေအိုးရဲ့။ မနက်စောစောစီးစီး ကိုလေးအိုးကို ကြည့်ရတာ စိတ်မချမ်းသာစရာဗျာ။ ကျုပ်တောင် မထိုင်ရသေးဘူး၊ ကိုလေအိုးက ဖင်ကြွနေတယ်၊ ဘာလဲ ကိုလေအိုးမိန်းမ ဒေါ်ကပ်စေးက ညက ပဲဟင်းအကျန်တွေနဲ့ မနက်စာ ကျွေးလွှတ်လိုက်လို့လားဗျ။ ပြောစမ်းပါဦးဗျာ။
လေအိုး ။ ။ မဟုတ်ပါဘူး ကိုရွှေဂျိုးရာ၊ ထိုင်ဖြင့်မထိုင်သေးဘဲ ခင်ဗျားက လူကို မှိုချိုးမျှစ်ချိုး ဝေဖန်နေတော့တာကိုးဗျ။ ကြည့်ရတာ မြန်မာပြည်မှာနေတုန်းက ဝေဖန်ရေးဆရာ လုပ်ခဲ့တယ်ထင်တယ်။ ဒါကြောင့် ထမင်းငတ်ပြီး ဒီဘက်ထွက်လာတာ ဖြစ်မယ်။ ဟုတ်တယ်မဟုတ်လား ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုး ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ရယ်)
ရွှေဂျိုး ။ ။ စာမူခ နှစ်ပဲတပြားရတဲ့ ဝေဖန်ရေးဆရာ လုပ်မလားဗျာ။ လက်ညောင်းတာ အဖတ်တင်မှာပေါ့။ လုပ်ချင်းလုပ် အမြင်မတော်တာတွေ့ရင် ထရိုက်လိုက်မှာပေါ့။ ရွှေဂျိုးစိတ်က ဒီလိုဗျ။ ကဲ လုပ်စမ်းပါဦး ဘယ်လိုဖြစ်လို့ ပါးစပ်တပြင်ပြင် ဖင်တကြွကြွ ဖြစ်နေရတာတုန်း လင်းစမ်းပါဦး။
လေအိုး ။ ။ ပါးစပ်ပြင်တာကတော့ သတင်းထူး ပြောစရာရှိတာကိုးဗျာ။ အဲ … ဖင်ကြွတာကတော့ အိမ်က မိန်းမစကားကို စက္ကန့်မခြား ကြားယောင်နေလို့ဗျို့၊ ကြားယောင်နေလို့ ဟဲ ဟဲ။
ရွှေဂျိုး ။ ။ မိန်းမက ဘာမှာလိုက်လို့ ဒါလောက်တောင် ကြောက်ချေးစိမ့်နေရတာလဲ၊ ဆိုစမ်းပါဦး ကိုလေအိုးရဲ့။
လေအိုး ။ ။ ကြောက်ချေးစိမ့်တာ မဟုတ်ပါဘူး ကိုရွှေဂျိုးရာ၊ ချစ်တာပါဗျ၊ ချစ်တာ ချစ်တာ ဟား ဟား ဟား ဟား (ဆက်မပြောခင် ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်နေပြန်)။
ရယ်သံစဲလေမှ လေအိုး စကားဆက်သည်။
လေအိုး ။ ။ ဒီလိုပါ ကိုရွှေဂျိုးရာ၊ အိမ်က မိန်းမက “ကိုရေ ဒီနေ့ဘာနေ့လဲ သဘောပေါက်နော်၊ မပေါက်ရင် ညစာငတ်မယ်မှတ်” တဲ့။ အဲဒီစကားလေး ကြားယောင်နေလို့ပါဗျာ။ လေအိုးတို့က အခုမှ ညားကာစမဟုတ်လား။ ညစာငတ် (အဲ…) ထမင်းမစားရလို့ ဘယ်ဖြစ်မလဲဗျ။ အဲဒါကြောင့် ဖင်ကြွနေမိတာထင်ပါရဲ့ ကိုရွှေဂျိုးရာ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ ဟာဗျာ ဒီနေ့ တနင်္ဂနွေနေ့ပဲဗျ။ အေးအေးဆေးဆေးပေါ့ ကိုလေအိုးရ။ ကျုပ်က ဘာများလဲလို့ဗျာ။
လေအိုး ။ ။ ဟာ … မအေးဆေးဘူး ကိုရွှေဂျိုးရေ၊ ဒီလိုဗျ လေအိုးတို့က တနင်္ဂနွေလိုနေ့မျိုးမှ မိန်းမအတွက် အချိန်အပြည့် ပေးရတာ။ ကျန်တဲ့နေ့တွေဆို ကိုရွှေဂျိုးသိတဲ့အတိုင်း တိုင်းရေးပြည်ရေး လွတ်မြောက်ရေးကိစ္စတွေနဲ့ လျှောက်ပတ်စားသောက် (အဲ …) အခမ်းအနားတွေတက်၊ ၀ပ်ရှော့တွေသွား၊ ဆီမီနာတွေမှာ စားနဲ့၊ မအားမလပ်အောင် အလုပ်ရှုပ်နေတာ မဟုတ်လားဗျ။ ဒါကြောင့် တနင်္ဂနွေတရက်တော့ မိန်းမအတွက် အချိန်ပေးရင်း ဟိုနားသည်နား အလည်ပို့ပြီး ချော့ရတာပေါ့။ မပို့လို့ စိတ်ကောက်ရင် ညစာငတ် (အဲ …) ညနေ ထမင်းဟင်း မချက်ရင် ဒုက္ခမဟုတ်လားဗျာ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုး ရယ်ပြန်)
ရွှေဂျိုး ။ ။ ကဲ ကဲ ဟုတ်ပါပြီ။ အဲဒါဆိုလည်း ပါးစပ်တပြင်ပြင်လုပ်နေတဲ့ သတင်းထူးကိုပဲ မြန်မြန်ထက်ထက် ပြောပါတော့ဗျာ။ ဟေ့ … ပိုက်ထွေးရေ လက်ဖက်ရည် နှစ်ခွက်ဟေ့။ ရေနွေးအိုးလေးပါ အလိုက်သိစမ်းကွာ။
လေအိုး ။ ။ ဒီလိုဗျ ကိုရွှေဂျိုးရ။ ကိုညီညီအောင် လွတ်လာပြီလေဗျာ။ ခင်ဗျား မသိဘူးသေးဘူးလား။
ရွှေဂျိုး ။ ။ ဘယ်သူလဲဗျ ကိုညီညီအောင်ဆိုတာ၊ ဘယ်ကလွတ်လာတာလဲ၊ အရင်းမရှိ အဖျားမရှိ ကိုလေအိုးရာ။
လေအိုး ။ ။ ဟာ ကိုရွှေဂျိုးကလည်း တော်တော်ခေတ်နောက်ကျတဲ့လူပဲဗျာ၊ လေလှိုင်းဆရာတွေ၊ ၀က်ဘ်ဆိုက်ဆရာတွေ တဖွဖွ သတင်းလုပ်နေတဲ့ ကိုညီညီအောင်လေဗျာ။ ခင်ဗျားမသိဘူးလား။ မျက်မှန်လေးနဲ့ ပင်နီတိုက်ပုံလေးနဲ့လေဗျာ။ ခဏခဏ တွေ့နေရတဲ့ဥစ္စာ။
ရွှေဂျိုး ။ ။ အော် သိပြီ သိပြီ ထုံထောင်းထဲက ဂီးဇောင်ဂျောင်း လင်မယားအိမ်မှာ ၀င်ထွက်နေတဲ့ ကိုယ်တော်လေး မဟုတ်လား။ ကျောပိုးအိတ်လေးလွယ်ပြီး ဆိုင်ကယ်တစီးနဲ့ လမ်းသလား (အဲ …) လျှောက်သွားနေတာ ကိုယ် တွေ့တွေ့နေတာပဲဟာ။ သူ့ကို ပြောတာလား။
လေအိုး ။ ။ အင်း ဟုတ်တယ်လေဗျာ။ သူပေါ့ဗျ ကိုညီညီအောင်ဆိုတာ။
ရွှေဂျိုး ။ ။ သူဆိုရင်တော့ သိသပေါ့ဗျာ။ ကျုပ်မိတ်ဆွေတွေထဲမှာလည်း ညီညီအောင်တွေက တော်တော်ပေါတာဆိုတော့ ရုတ်တရက် မင်မိုရီအောက်သွားတာ ဆောရီးဗျာ။ သူက မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား မြန်မာ့အရေးတက်ကြွလုပ်စား (အဲ …) လှုပ်ရှားသူမဟုတ်လားဗျ။ ဘန်ကောက်ကနေ လေယာဉ်စီးပြီး ၀င်သွားလို့ မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံရတာ မဟုတ်လား။ ယက်တောညီလို့တောင် ရွှေဂျိုးတို့ နောက်နောက်နေသေးဗျာ။ ယက်တောအမှုနဲ့ ရှေ့ဆင့်နောက်ဆင့် ဖြစ်တာကိုးဗျ။ အခု သူ မြန်မာပြည်မှာ ထောင်ကျနေတယ်မဟုတ်လား။ ဟိုတလောလေးကတင် ဘယ်သူလဲမသိဘူး ကျုပ်ကိုပြောတာ။ သုံးနှစ်တောင် ကျတာဆိုဗျ။ အခု ဘယ်ကနေဘယ်လို ဆိုင်းမဆင့် ဗုံမဆင့် လွတ်လာတာလဲ ကိုလေအိုးရဲ့ လင်းစမ်းပါဦး။
လေအိုး ။ ။ ခင်ဗျားမေးပုံကြီးကလဲဗျာ။ ကိုညီညီအောင်ကို ထောင်က မလွတ်စေချင်တဲ့ လေသံပေါက်နေပါ့လား။ လူတယောက် အချုပ်အနှောင်က လွတ်လာတာ မင်္ဂလာရှိတဲ့ ကိစ္စမဟုတ်လားဗျာ။ မုဒိတာပွားမှပေါ့ ကိုရွှေဂျိုးရ ဟား ဟား ဟား ဟား (ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုး ရယ်လေပြန်)။
ထိုစဉ် ပိုက်ထွေး လက်ဖက်ရည်နှစ်ခွက် လာချပေးရာ သူ့ခါးတွင် ချိတ်ထားသည့် မိုဘိုင်းလ်ဖုန်းလေးထဲမှ ထုံးစံအတိုင်း သီချင်းသံ လွင့်ပျံ့လာပြန်သည်။
“မေ့မရနိုင်ပါသည် xxx အခွင့်ရယ်သာတဲ့ တနေ့မှာ xxx အပြေးကလေး လာတွေ့ဦးမည် xxx ရွှေညာသူရေ ကိုယ်လာရင် ကြိုမှာလားလို့ အတည် xxx”
လေအိုး ။ ။ ပိုက်ထွေးရာ ဘယ်ကောင်မလေးကို မင်းက ပြေးတွေ့ချင်ရပြန်ပြီလဲ။ ဟိုတခါ လမ်းသရဲ အရိုက်ခံရတာလည်း မမှတ်သေးဘူး။ ဒီတခါ ကောင်မလေးအစ်ကိုတွေ ထွက်ရိုက်မှဖြင့်ကွာ … ငါ့နဲ့ ရင်လေးစမ်းပါဘိ။
ပိုက်ထွေး ။ ။ ဟား ဟား အစ်ကိုလေးအိုးကလည်း ကိုယ်မစွံတိုင်း သူများကို မနာလိုမဖြစ်နဲ့လေ။ ရွှေညာသူလေဗျာ၊ ရွှေညာသူ၊ ညိုချောကလေးပေါ့ဗျ အစ်ကိုလေအိုးရ ဟား ဟား ဟား။
သူ့ကို ပြန်စနေသည့် ပိုက်ထွေးကို လေအိုး မျက်စောင်းခဲပြီး ကြည့်လိုက်ရာ ပိုက်ထွေး ဇက်ကလေးပုပြီး အဖျော်ကောင်တာဘက်သို့ သုတ်သုတ်ပြန်လျှောက်သွားသည်။ ထို့နောက် ရွှေဂျိုးက စကားကို ပြန်ဆက်သည်။
ရွှေဂျိုး ။ ။ အာ … ကျုပ်မေးတာ အဲဒီသဘောမဟုတ်ရပါဘူး ကိုလေအိုးရာ။ ရွှေဂျိုးလောက် မုဒိတာပွားတတ်တာ ရွှေဂျိုးပဲရှိပါတယ်ဗျ။ အခုဟာက နိုင်ငံရေးအကျဉ်းသားစောင့်စားရေး (အဲ ...) ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားချက်အရ မြန်မာပြည်ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) လောက်ရှိတယ်လို့ ဆိုတယ်မဟုတ်လား။ အဲဒီ (၂,၀၀၀) လောက်ထဲမှာမှ သူတယောက်တည်း ထူးထူးခြားခြား လွတ်မြောက်လာလို့ မေးမိတာပါဗျာ။ သန်းရွှေတို့က ဘာကြောင့် လွှတ်ပေးလိုက်တာတဲ့လဲဗျ။
ရွှေဂျိုး မေးနေစဉ်မှာပင် လေအိုးက သူ့အိတ်ကပ်ထဲမှ စက္ကူခေါက်ကို ဆွဲထုတ်ကာ ဖြန့်လိုက်သည်။ ထို့နောက် တစုံတခုကို ဖတ်ပြတောမည့်ဟန်ဖြင့် ...
လေအိုး ။ ။ သန်းရွှေတို့က လွှတ်ချင်လို့ လွှတ်တာ ဟုတ်ပုံမရဘူးဗျ။ ကိုညီညီအောင် အပြောအရ မလွှတ်မဖြစ်လို့ လွှတ်လိုက်ရပုံပေါ်တယ်။ အင်း ဒီမှာ ပရင့်အောက်ထုတ်လာတယ်၊ ကိုညီညီအောင် လွတ်လာတာနဲ့ ပတ်သက်ပြီး မဇ္ဈိမ၀က်ဘ်ဆိုက်နဲ့ ဗွီအိုအေလေလှိုင်းမှာ သူကိုယ်တိုင် ဖြေထားတာလေးတွေ ဖတ်ရကြားရတယ်ဗျ။ သူ့အပြောအရတော့ သူလွတ်မြောက်လာတာ ဒီလိုတဲ့ဗျ “ကျနော် ယုံကြည်တာပေါ့လေ၊ ကျနော် မျှော်လင့်ထားတာက မြန်မာနိုင်ငံရဲ့အရေးကို တကမ္ဘာလုံးက အင်အားစုတွေ၊ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာကိုချစ်တဲ့ မိတ်ဆွေတွေအားလုံးက ဝိုင်းဝန်းပြီးတော့ ကူညီနေတဲ့အတွက်ကြောင့်၊ မြန်မာပြည်လွတ်မြောက်ရေးကို ကူညီနေတဲ့အတွက်ကြောင့်၊ မြန်မာပြည်မှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ လူတွေရဲ့ လွတ်မြောက်ရေးကို အထူးကြိုးစားပြီး ကူညီခဲ့ကြတာလို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒီဟာကို ယုံလည်းယုံကြည်ပါတယ်။ မြန်မာတွေတင်မကဘူး၊ တခြားသော နိုင်ငံခြားသားတွေရော၊ အားလုံးစုပေါင်းပြီး ကြိုးစားခဲ့လို့ ကျနော့်ရဲ့လွတ်မြောက်မှုဟာ ရလဒ်လို့ပဲ ကျနော်မြင်ပါတယ်” တဲ့။ ၀ါကျတော့ သိပ်မချောဘူးဗျာ။ ဒါပေမယ့် ကိုညီညီအောင် ဆိုလိုပုံကတော့ တကမ္ဘာလုံးကပေးတဲ့ ဖိအားဒဏ်ကို မခံနိုင်လို့ သန်းရွှေတို့က လွှတ်လိုက်ရတာ ဆိုတဲ့သဘောဗျ။
ရွှေဂျိုး ။ ။ ဟောဗျာ၊ အဲသလို ဖြေသတဲ့လား၊ အဲသလိုဆိုရင်တော့ သန်းရွှေကြီးတို့က ကျုပ်တို့ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကို အရင်လွှတ်သင့်တာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့အတွက်ဆို တကမ္ဘာလုံးမှာ လွတ်မြောက်ရေး ကမ်ပိန်းတွေ လုပ်နေကြတာ ၀က်ဝက်ကွဲပဲ မဟုတ်လားဗျ။ ကိုညီညီအောင် ဖြေကြားပုံအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကိုကျတော့ မလွှတ်သေးဘဲ သူ့တယောက်တည်းကို လွှတ်ပေးလိုက်တာ သိပ်ယုတ္တိမရှိသလိုပဲဗျနော်။
လေအိုး ။ ။ အေးဗျာ ယုံချင်ယုံ မယုံရင် ပုံပြင်သာမှတ် ကိုရွှေဂျိုးရေ၊ သူ ဘန်ကောက်မှာ အတင်းထောက် (အဲ …) သတင်းထောက်တွေကို ဖြေကြားသွားတာကတော့ အဲသလိုပါပဲဗျာ။ ကျန်တာကတော့ သူနဲ့ သန်းရွှေတို့ကြားက ကိစ္စနေမှာပေါ့ဗျ။ ဒါကတော့ လေအိုးတို့က ကန်တော်ကြီးမှာ အတွဲချောင်းသလို သွားချောင်းလို့မှမရတော့ အကုန်လုံး ဘယ်သိနိုင်ပါ့မလဲဗျာ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုးရယ်ပြန်)
ရွှေဂျိုး ။ ။ ဒါနဲ့ ကိုညီညီအောင်က နအဖစစ်အစိုးရကို ဆန့်ကျင်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူဖြစ်ပြီး ဘယ်လိုဖြစ်လို့ လေယာဉ်ကြီးစီးပြီး ဝေဟင်ခရီးကနေ တရားဝင် လစ်ရတာလဲဗျာ။ တယ်ထူးဆန်းပါလား ကိုလေအိုးရ။
လေအိုး ။ ။ အား … အဲဒါလည်း သူဖြေသွားတယ်ဗျ။ ဒီလို ဒီလို “ကျနော့်အနေနဲ့ စသွားတုန်းကတော့ ကျနော်က အမြဲတမ်း တိုင်းပြည်ထဲကို သွားနေကျပဲ။ ကျနော်တို့ နိုင်ငံသားတွေဟာ ပိုပြီး အသိတရားရှိမယ်၊ ပိုပြီးပွင့်လင်းတဲ့ အခင်းအကျင်း ဖြစ်နိုင်ဖို့အတွက် ကျနော်မြင်သလောက် မျှဝေမယ်၊ သူတို့ဆီက ရသမျှ ကျနော် လေ့လာမယ်၊ ပြီး သွားတဲ့အခါ ဘာတွေ ပိုပြီး ချဉ်းကပ်နိုင်မလဲဆိုတာ ကျနော် စဉ်းစားပါတယ်” တဲ့ဗျ။ တော်တော် အတင့်ရဲတဲ့ ကိုယ်တော်လေးပဲနော်။ အနံ့ခံကောင်းတဲ့ နအဖစစ်ခွေး (အဲ …) ထောက်လှမ်းရေးတွေကြားမှာ သူဘယ်လို ဂျက်စီဂျိမ်း လုပ်နေခဲ့ပါလိမ့်။
ရွှေဂျိုး ။ ။ အေးဗျာ သူ ဖြေပုံကြီးက တမျိုးတော့ တမျိုးပဲဗျာ တမျိုးတော့ တမျိုးကြီးပဲ။ ကြည့်ရတာ သတင်းသမားတွေ ဖွစရာ ကုန်ကြမ်းပြတ်ကုန်မှာစိုးလို့ သန်းရွှေနဲ့ ညှိပြီး ပြဇာတ်တပုဒ် ကလိုက်တာများလားဗျာ။ ဒါနဲ့ သူအခေါက်ခေါက် အခါခါ ၀င်ညှိ (အဲ…) ၀င်ထွက်နေတုန်း ကျုပ်တို့ပြည်သူတွေကို ကိုညီညီအောင် တော်တော်မျှဝေခဲ့တယ်တဲ့လားဗျ။ ပြည်သူတွေ အသိတရား တော်တော်ရတယ်တဲ့လား ဘာတဲ့လဲ ကိုလေအိုး။
လေအိုး ။ ။ အဲဒါတော့ ကျနော်ကြားတာ သူနဲ့တွေ့တဲ့ လူငယ်တွေ တော်တော်များများ ထောင်ထဲ (အဲ …) ဟိုဗျာ အဲဒါတော့ သူနဲ့တွေ့မှပဲ တိုက်ရိုက်မေးတော့ ကိုရွှေဂျိုးရာ၊ ကျုပ်ကတော့ ကိုညီညီအောင်ကို အားကျပြီး မတွေ့ရတာ နှစ်ပေါင်း (၂၀) ကြာတဲ့ ငယ်ချစ်ကလေးကို ပြေးတွေ့လိုက်ချင်ရဲ့။ ကိုညီညီအောင်အပေါ် သန်းရွှေတို့ သဘောကောင်းသလို လေအိုးအပေါ်လည်း ကောင်းမယ်ဆိုရင်ပေါ့ဗျာ ဟား ဟား ဟား ဟား သွားဦးမယ်ဗျို့ အိမ်က ချစ်ဇနီး ပူပူနွေးနွေးလေ မျှော်နေရော့မယ်။
လေအိုးတယောက် ပြန်တော့မည့်ဟန်ပြင်ကာ ပိုက်ထွေးဆီ လှမ်းအော်ပြန်သည်။
လေအိုး ။ ။ ဟေ့ ပိုက်ထွေး ခုနက မင့်သီချင်းကို ငါ ဒီလို ပြောင်းဆိုလိုက်တော့မယ်ကွာ။ ငါလည်း မတွေ့ရတာ နှစ်ပေါင်း (၂၀) ကြာတဲ့ ငယ်ချစ်ကို တွေ့ချင်လွန်းလို့ပါကွာ “သေနာတွေရေ xxx ကိုယ်လာရင် ကြိုမှာလားလို့ အတည်” သေနာတွေဆိုတာ သန်းရွှေတို့ကို ပြောတာနော် ပိုက်ထွေး။ မင်းယောက္ခမကို ပြောတာမဟုတ်ဘူး ဟား ဟား ဟား ဟား။
ပြောပြောဆိုဆို လေအိုးတယောက် “သေနာတွေရေ xxx ကိုယ်လာရင် ကြိုမှာလားလို့ အတည်” ဟု အော်ဟစ်သီဆိုကာ စက်ဘီးကို ခပ်သွက်သွက် နင်းထွက်သွားပြီးနောက် ရွှေဂျိုးလည်း အောက်ရေတိုးနေသည့်အတွက် ရေမလျှံမီ ဆိုင်နောက်သို့ ခပ်သုတ်သုတ် လှမ်းလျှောက်ခဲ့လေသည်တကား။
Copy from www.khitpyaing.org
Friday, March 19, 2010
နအဖ ၏ မီဒီယာများအား အာရုံပြောင်း လှည့်ကွက်ကစားခြင်း ကစားကွက်တခု
Labels:
နည်းဗျုဟာ