Pages

Showing posts with label တော်လှန်ကဗျာ. Show all posts
Showing posts with label တော်လှန်ကဗျာ. Show all posts

Wednesday, December 1, 2010

“ယုံကြည်ချက်ရဲ့ပန်းတိုင် ငါ့လက်နဲ့ဆုပ်ကိုင်မယ်”

“ယုံကြည်ချက်ရဲ့ပန်းတိုင် ငါ့လက်နဲ့ဆုပ်ကိုင်မယ်”
ဆိုကြပါတော့...ငါဟာ လူသားတွေရဲ့
ရသင့်ရထိုက် ရှိသင့်ရှိထိုက်တဲ့
အခွင့်အရေးများကို ဟစ်ကြွေးတောင်းဆို
ဆန္ဒပြခြင်းတွေ ပြုလုပ်ရင်းအခေါက်ပေါင်းများစွာပါပဲ
အုတ်နံရံနဲ့ သံတိုင်တွေကြား
နေခဲ့ဘူးတယ် ရောက်ခဲ့ဘူးတယ်။
ဆန်နီကြမ်းနဲ့ ပေါ့ပျက်ပျက်
အသားမဲ့ဟင်းကို အဖေါ်မွန်ဖြစ်မိတ်ဆွေပြုရင်း
အနာဂတ်ကို အသက်ဆက်ခဲ့တယ်။
နံပါတ်တုတ်ကိုင် စစ်ယူနီဖောင်းဝတ်တွေ
အမြဲလိုလိုပါပဲ
ငါနေတဲ့ အခန်းကျဉ်းရှေ့
ဟိန်းဟောက် ခြိမ်းခြောက်စကား
ရိ သဲ့သဲ့ ဆိုကြနေလေရဲ့။
ငါရဲ့ ဦးခေါင်းထက်
စစ်ခွါသံ ပြင်းပြင်းအကျမှာ
ယုံကြည်ချက်တွေ
သံတိုင်နဲ့ အုတ်နံရံကို ထိုးဖောက်သွားတယ်။
အမှန်တရားရဲ့ စတေးခံနောင်တော်တွေ အနောက်
ထပ်ချပ်မကွာ ချေရာမှန်ကိုကောက်ရင်း
ဆယ်စုနှစ် နှစ်ခုအတွင်း
ခရီးတော့ အတော့ကိုပေါက်ခဲ့တယ်။
ဟောဟဲ....ဟောဟဲ
မောတယ်လို့ မဆိုချင်ပါဘူး
တနေ့...တချိန်
ယုံကြည်ချက်ရဲ့ ပန်းတိုင်
ငါ့ လက်နဲ့ ဆုပ်ကိုင်မယ်။ ။
အမေ့သား(ဒိန်းမတ်)

အဆုံးထိဖတ်ရန်...

Sunday, November 7, 2010

တွန်းလှန်မှုကို ငြင်းဆန်နေမှတော့

နှစ်ထောင့်တစ်ဆယ် နိုဝင်ဘာ ၇ ရက်
အဲဒီ...နိုဝင်ဘာ ၇ ရက်ဟာ
နှစ်ထောင့်ရှစ် ဖွဲ့စည်းပုံကိုအတည်ပြု
ပြည်သူတွေကို စစ်ကျွန်ပြုဘို့
ရွေးကောက်ပွဲကို တာစူလိုက်တာပဲ....အမေ။

တရားမျှတမှု ကင်းမဲ့ပြီး
သူနိုင်ကိုနိုင် ယှဉ်ပြိုင်ခြင်းမရှိ
ကိုနိုင်ဘို့တာ တဖက်သတ်ပြုလုပ်ကျင်းပတဲ့
နှစ်ထောင့်တစ်ဆယ် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲ
အဲဒီ....ရွေးကောက်ပွဲကို
ကျနော်တို့ ထောက်ခံရမတဲ့လား....အမေ။

လွတ်လပ်ခွင့်တွေဆိတ်သုန်း
တရားဥပဒေ ပျက်သုန်းနေတဲ့ခေတ်ဆိုး
အဲဒီ....ခေတ်ဆိုးဆိုးကြီးထဲ
နေရတာထက် သေရတာကပိုမြတ်တယ်ဆိုတဲ့ အသိ
ပြည်သူတွေရင်ထဲ ရှိစေချင်တယ်။

လူကလူလို အထင်မခံရတဲ့ ဘဝ
လူကလူလို အဆက်ဆံမခံရတဲ့ ဘဝ
ဖိနှိပ်မှုအောက်မှာ အိပ်မောကျနေတဲ့လူတွေ
တွန်းလှန်မှုကိုငြင်းဆန်နေမှ တော့
လူလုံးမလှတာ အပြစ်တဲ့လား....အမေရယ်။
အမေ့သား(ဒိန်းမတ်)

အဆုံးထိဖတ်ရန်...